Labels:

အာဇာနည် ဗိုလ်ချုပ်အောင်ဆန်း ကဗျာများ

ဗိုလ်ချုပ်အောင်ဆန်း ‎(အတိတ်နှင့် ပစ္စုပ္ပန်)‎ မသိ၍ဆို၊ မလို၍ပြော။ သူ့စိတ်မှာ အလွန်ယဉ်လို့၊ သူ့ ဉာဉ်မှာ အလွန်သန့်တယ်၊ ထူးချွန့်သဘော။ ။ မသိ၍ထင်၊ မမြင်၍ပြော။ သူ့ဝိညာဉ် မသေပျောက်ပါဘူး၊ မိုးပေါက်လို အစဉ်ကြည်လို့၊ နေခြည်လို အစဉ်လန်းကာ၊ ဖျန်းဆွတ်စိတ်စော။ ။ မင်းသုဝဏ် aung10 အာဇာနည် အလေးပြု ငါတို့အတွက်၊ ကိုယ့်အသက်ကို၊ မကွက်မညှာ၊ စွန့်ကြရှာသည်၊ ဇာနည်နွယ်ဘွား၊ သူတို့အားလျှင်၊ ညွှတ်တွားသမှု၊ အလေးပြု၍၊ သာဓုနုမော်၊ ကောင်းချီးခေါ်သည်၊ ခြောက်ဖော်နတ်က ကြားစေသောဝ်။ (မင်းသုဝဏ်) (၄၊ ၁၊ ၁၉၅၃) (အင်းယားကန်သို့ အိုကုတို့ ကဗျာစာအုပ်၊ စာမျက်နှာ ၁၄၃-မှ ....)

သခင်အောင်ဆန်းတရား ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊‎ မင်း၏သားငယ်၊ မင်းသက်လှယ်ကို၊‎ အဘယ်တရားဟောမည်နည်း။‎ ဆန်း၏ သတ္တိ၊‎ ဆန်း၏ သမာဓိ၊ ဆန်း၏ ပညာ၊‎ ဟောစရာကား အလွန်များ၏။‎ မင့်သားအရွယ်၊ သက်နှစ်ဆယ်တွင်၊‎ လူငယ်အောင်ဆန်း၊ သူ့အစွမ်းကို၊‎ ပန်းကောင်းတပွင့်၊ ပန်ဆင်တင့်သို့၊‎ မင့်သား သိစေချင်လှ၏။‎ သူ့အစွမ်းကား၊ အခြားမဟုတ်၊‎ အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှ၊‎ မြန်မာလွတ်လမ်း၊ ခရီးကြမ်းဝယ်၊‎ ဗန်းပြအလှ၊ ပကာသနကို၊‎ ပြာကျလောင်မြိုက်၊ သူမီးတိုက်၏၊‎ ခေတ်လိုက်စာညီ၊ ခေတ်မီပညာ၊‎ ကြုံရာဘဝ၊ မုကလုံလောက်၊‎ ခံမြို့ဆောက်၏။‎ ထို့နောက်တဆင့်၊ မိုးထိလွင့်အောင် ‎ရိုးကျင့်မြင့်ကြံ၊ သူ့အလံတည့်‎ ပျံတလူလူ၊ သူထူခဲ့ကြောင်း‎ ခေါင်းဆောင်သဘော၊ မင့်သားချောကို၊‎ ပြောလိုက်ပါဘိ၊ ဟောပါဘိ။ ။‎ ဇော်ဂျီ ‎(ညီသစ်ဆင်း ကဗျာများ မှ ...)‎
ပြောလိုက်ပါဘိ ဟောပါဘိ ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊‎ မင်း၏သက်လှယ်၊ မင်း သားငယ်သည်၊‎ သက်နှစ်ဆယ်ပင်ပြည့်ခဲ့ပြီ။‎ သူသုံးနှစ်သား၊ ဖေါ်ချင်းများနှင့်၊‎ အူယားဖါးယား၊‎ ကစားရာမှ၊ နွားရုပ်ချ၍၊‎ နတ်ကျသည့်သွင်၊ မင့်ရင်ခွင်သို့၊‎ ပြေးဝင်ပုန်းလာ၊ သူ့မူရာကို၊‎ ငါမြင်ခဲ့၏ မှတ်မိ၏။‎ မိုးကစိုစို၊ ကျီးအုပ်ပြို၍၊‎ ထိုမှဤမှ၊ တို့လမ်းမတွင်၊‎ ပျံကြဝဲကြ၊ ငရဲကသို့၊‎ အုံကြွမြည်အာ၊ မသာယာကို၊‎ ငါကြားခဲ့၏ မှတ်မိ၏။‎ ထိုနေ့၌ပင်၊ ထိုချိန်ထင်၏၊‎ သခင်အောင်ဆန်း၊ ပြည်သူ့ပန်းသည်၊‎ ပွင့်လန်းခါစ၊ ကြွေလိုက်ရ၏၊‎ မြေခသတင်း၊ မိုးကြိုးခွင်းသို့၊‎ အိမ်တွင်းအိမ်ပြင်၊ တို့လမ်းခွင်၌၊‎ မချင်မရဲ၊ ဝမ်းနဲခံခက်၊‎ မျက်စိမျက်နှာ၊ ညှိုးကြရှာသည်၊‎ ရွာဦးပိုင်းမှ သင်္ချိုင်းထိ။‎ ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊‎ မင်း၏သားငယ်၊ နှစ်ဆယ်သက်စစ်၊‎ သူတို့ခေတ်၌၊ တိုင်းချစ်ပြည်ခင်၊‎ မြတ်စေချင်၏၊ မင်းမြင်ငါကြား၊‎ စကားဥဒါန်း၊ ဆန်း၏သတ္တိ၊‎ ဆန်း၏သမာဓိ၊ ဆန်း၏ပညာ၊‎ ဆန်းမှာဆုံပေါင်း၊ ယောက်ျားကောင်းတို့၊‎ ခေါင်းဆောင်သဘော၊ မင့်သားချောကို၊‎ ပြောလိုက်ပါဘိ ဟောပါဘိ။ ။‎ ဇော်ဂျီ (ဇူလိုင်လ ၁၉ ရက်၊ ၁၉၆၄ ခုနှစ်၊ အာဇာနည်နေ့)‎ ၁၉၆၄-ခုနှစ် အာဇာနည်နေ့အထိမ်းအမှတ် မြန်မာနိုင်ငံ တော်လှန်ရေးအစိုးရ၊ ယဉ်ကျေးမှုဌာန ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ထိန်းသိမ်းရေးကော်မတီက ထုတ်ဝေသည့် ‎"ဗိုလ်ချုပ်အောင်ဆန်းကဗျာများ" စာအုပ်မှ

0 comments: