Labels:
ယုန်နဲ့ လိပ် ပုံပြင်
ယုန် နဲ့ လိပ် ပထမ အပြေးပြိုင်ပွဲ
ဟိုး ရှေးရှေးတုန်းက ယုန် နဲ့ လိပ်ဟာ ဘယ်သူ အပြေးပိုမြန်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ငြင်းခုန်နေကြတယ်။ အဲဒီ ငြင်းခုန်မှုကို ပြိုင်ပွဲတစ်ပွဲနဲ့ အဖြေရှာဖို့ နှစ်ဦးလုံး သဘောတူလိုက်ကြတယ်။ဒါကြောင့်အပြေးပြိုင်ဖို့လမ်းကြောင်းတစ်ကြောင်းကို နှစ်ဦးသဘောတူ
ရွေးချယ်ပြီး ပြိုင်ပွဲကို စတင်လိုက်ကြတယ်။
ပြိုင်ပွဲဝင်နေရင်းနဲ့ ယုန်က တွေးမိတယ် လိပ်က ဟိုးနောက်မှာ ကျန်နေတာပဲ ဒီအချိန်မှာ ငါအနားယူလို့ ရတာပဲဆိုပြီး  အရိပ်ကောင်းတဲ့သစ်ပင်တစ်ပင်အောက်မှာ အေးဆေး အနားယူတော့တာပေါ့။ အနားယူနေရင်းနဲ့  မကြာခင်မှာပဲ ယုန်က အိပ်ပျော်သွားခဲ့တယ်။လိပ်ကတော့  ဖြည်းဖြည်းနဲ့ မှန်မှန်လေး နဲ့  ပြိုင်ပွဲဆက်ဝင်နေတာပေါ့ အဲ့လိုနဲ့ လိပ်က ယုန်ကိုကျော်ပြီး ပန်းတိုင်ကို ရောက်ကာအနိုင်ရခဲ့တယ် ။ပန်းတိုင်ကို မရောက်ခင် ဇွဲလျှော့ခဲ့တဲ့ယုန်ခမျာမှတော့ရှုံးရောပေါ့။
အနှစ်သာရ -ဘယ်လိုကိစ္စမဆို ဖြည်းဖြည်းနဲ့ မှန်မှန်လုပ်ရင် အောင်ပွဲခံနိုင်ပြီး  ဇွဲလုံလ၀ီရီယမရှိခဲ့ရင်တော့
အရှုံးသမားပဲ ဖြစ်နေမယ်လို့ ထင်ပါတယ် ။ဒါကြောင့် သူငယ်ချင်းတို့ လည်း ဘယ်အချိန်မဆို ဒီပြိုင်ပွဲက ယုန်လို ပန်းတိုင်မရောက်ခင် တက်မထောင်မိဖို့ လိုတယ် လို့ ထင်ပါတယ်။
ဒါက ကျွန်တော် တို့ ကြားဖူးနားဝ ရှိနေခဲ့တဲ့ ယုန်နဲ့လိပ် ပုံပြင်လေးပါ။ ဇာတ်လမ်းက ဒီလောက်နဲ့တင် မဆုံးသေးပါဘူး။ တခြား စိတ်ဝင်စားစရာတွေ ရှိနေပါသေးတယ်။ ဘာတွေ ဆက်ဖြစ်သေးသလဲ ဆိုတော့ ...
ယုန်နဲ့ လိပ်  အပြေးပြိုင်ပွဲ ဒုတိယ ပုံပြင်
ယုန်က ပြိုင်ပွဲ ရှုံးသွားလို့ အတော်လေး စိတ်တိုသွားတယ်။ပြီးတော့ သူ့ ကို ယုန်မိတ်ဆွေအပေါင်းက ၀ိုင်းဝန်းရှုက်ချတယ်လေ တို့ လိုအပြေးမြန်တဲ့ ယုန်နဲ့  တဖြည်းဖြည်းသာသွားနိုင်တဲ့လိပ်နဲ့ ပြိုင်တာတောင် ရှုံးရမလား ယုန်သိက္ခာကျတယ် ဘာညာပေါ့ဗျာ ။ဝိုင်းပြောကျတာပေါ့ ။ဒါနဲ့ ယုန်က ပြိုင်ပွဲအကြောင်းပြန်စဉ်းစားတယ် ငါဘာလို့ ရှုံးရသလဲပေါ့ ။သူ ရှုံးရတဲ့ အကြောင်းအရင်းကို ကိုယ့်ဖာသာ မညှာတမ်း ပြန်ပြီး သုံးသပ်နေမိတယ်။ ကိုယ့်ကိုယ်ကို အသားလွတ် အထင်ကြီးခဲ့မိလို့ ဆိုတာ သိလာခဲ့တယ်။ နောက်ပြီး ဂရုမစိုက်ဘူး။ အရမ်း ပေါ့ပေါ့ဆဆ နိုင်ခဲ့တယ်လို့ သူ နားလည်လိုက်တယ်။ ဒါတွေကိုသာ သူ ပြင်နိုင်မယ် ဆိုရင် သူ လိပ်ကို ဘာမှမနိုင်စရာ အကြောင်း ရှိမလဲ။ ဒီလိုနဲ့ ယုန်ဟာ ယုံကြည်ချက် အပြည့်နဲ့ လိပ်ကို နောက်တစ်ခါ ထပ်ပြိုင်ဖို့ စိန်ခေါ်လိုက်တယ်။လိပ်ကလည်း  "ကြောက်လို့လား" လို့တော့ အပြောမခံဘူး။ ပြိုင်ဖို့သဘောတူလိုက်တယ်။ဒါနဲ့ ပဲ ယုန်နဲ့ လိပ်ဒုတိယအပြေးပြိုင်ပွဲစတယ်ဆိုပါတော့ ။  ဒီတစ်ခါတော့ယုန်က ပန်းတိုင်ရောက်တဲ့အထိ နည်းနည်းလေးမှကို အနားမယူတော့ဘဲ တရစက် ပြေးတော့တာပဲ။ ဒီတော့ မိုင်ပေါင်းများစွာ အပြတ်အသတ်ကွာပြီး လိပ်ကို အနိုင်ရလိုက်တယ်။
အနှစ်သာရ - ခပ်မြန်မြန်လေး တသတ်မတ်တည်း လုပ်နိုင်မယ်ဆိုရင် ဖြည်းဖြည်းနဲ့ မှန်မှန် လုပ်တတ်သူကို ဘယ်တော့မဆို ယှဉ်နိုင်ပါတယ်။ ဖြည်းဖြည်းနဲ့ မှန်မှန် လုပ်တတ်တာ ကောင်းပါတယ်။ ဒါပေမယ့် အရှိန်ကို ခပ်သွက်သွက်လေး ထိန်းပြီး အလုပ်လုပ်သွားနိုင်ရင် ပိုကောင်းတာပေါ့နော်။
ဇာတ်လမ်းက ဒီလောက်နဲ့တင် မဆုံးသေးပါဘူး။
ဒီတစ်ခါတော့ လိပ် စဉ်းစားရပြီပေါ့။ ဒီပုံ ဒီလမ်းနဲ့သာ ပြိုင်မယ်ဆိုရင်တော့ ဘယ်လိုနည်းနဲ့မှ ယုန်ကို မယှဉ်နိုင်တာ သေချာနေတယ်။ သူ အကြိတ်အနယ် စဉ်းစားပြီး တခဏမှာတော့ ယုန်ကို နောက်တစ်ခါ ထပ်ပြိုင်ဖို့ စိန်ခေါ်လိုက်တယ်။ ဒါပေမယ့် ဒီတစ်ခါတော့ ပြေးလမ်းကြောင်းကို လိပ်က သူတို့ သက်မှတ်မယ်ဆိုပြီး ယုန်တို့ ဘက်ကို စိန်ခေါ်လိုက်တယ် ။ယုန်က ဘယ်လိုပြိုင်ပြိုင်လိပ်ကိုတော့ အသာလေးနိုင်ပါတယ်ဆိုပြီး သဘောတူတော့ ပြိုင်ပွဲကို နောက်တစ်ကြိမ် စလိုက်ကြတယ်။
ဒါက ယုန်နဲ့ လိပ် အပြေးပြိုင်ပွဲ တတိယ ပုံပြင်ပေါ့ 
ထုံးစံအတိုင်း ယုံကြည်ချက် အပြည့်နဲ့ ယုန်ဟာ သူ ခံယူထားတဲ့အတိုင်း ခပ်မြန်မြန်လေး မနားတမ်း ပြေးတော့တာပေါ့။ ပြေးရင်းနဲ့ အတန်အသင့် ကျယ်တဲ့ မြစ်ကမ်းနားဘေး ရောက်တော့ ယုန် အတွေးနယ်ချဲ့ရပြန်ပြီ။ မြစ်တစ်ဖက်ကမ်းရဲ့ မိုင်အနည်းငယ်ကို သွားပြီးမှ သူတို့ သက်မှတ်ထားတဲ့ ပန်းတိုင်က ရောက်မယ်လေ။ ယုန် ငုတ်တုတ်ကြီးထိုင်ပြီး ဘယ်လို ဆက်လုပ်ရမလဲ ဆိုတာ စဉ်းစားခန်း ၀င်နေတော့တယ်။ယုန်ဆိုတာ ရေမှ မကူးတတ်တာကိုး ။ဒါကြောင့် လိပ်က ပန်းတိုင်ကို မြစ်တဖက်ကမ်းမှာ သက်မှတ်ထားလိုက်တာ။ ဒါကြောင့် ယုန်ခမျာမှ ပန်းတိုင်ကို လှမ်းမြင်နေရပေမဲ့ ပန်းတိုင်ဆီကို အရောက်လှမ်းလို့ မရဖြစ်နေတာ ။ဒီလိုနဲ့ ပဲ လိပ်က အေးအေးလူလူပဲ မြစ်ကိုကူးပြီးတော့ ပန်းတိုင်ကို ရောက်သွားတာပေါ့ ။ဒီလိုနဲ့  ဒီပြိုင်ပွဲမှာ လိပ်က အနိုင်ရခဲ့တယ် ။
အနှစ်သာရ - ပထမဆုံး ကိုယ့်ရဲ့ ယှဉ်ပြိုင်နိုင်တဲ့ အားသာချက်ကို ဆန်းစစ်ပါ။ နောက်ပြီး အဲဒီ အားသာချက်နဲ့ သင့်လျော်မယ့် ပတ်ဝန်းကျင်ကို ရွေးချယ်ပြီး ပြိုင်ဆိုင်ဖို့ ကြိုးစားပါ။ အဲဒီလို ပတ်ဝန်းကျင်ကို ဖန်တီးပါ။ဒါက လိပ်ဘက်က အမြင်ပေါ့ ။ဒီလိုပဲ ယုန်ဘက်ကတွေးမယ်ဆိုရင် ဘယ်တော့မှ ပြိုင်ပွဲမှာ ကိုယ်နိုင် နိုင်တယ်ဆိုပြီး  မတွေးဘဲ မပြိုင်ခင်က သေသေချာချာဆန်းစစ်လေ့လာသင့်တယ်။ပြီးတော့ ဘယ်ပြိုင်ပွဲမဆို ကိုယ်အားသာချက် အားနည်းချက်ကိုပါ တွေးတောထားသင့်တယ်လို့  ထင်ပါတယ် ။
ဇာတ်လမ်းက ဒီလောက်နဲ့တင် မဆုံးသေးပါဘူး။
ဒီအချိန်မှာတော့ ယုန်နဲ့လိပ်ဟာ အင်မတန် ခင်တဲ့ သူငယ်ချင်းတွေ ဖြစ်နေကြပြီ။ သူတို့ နှစ်ကောင် အတူတကွ အကြံထုတ်ပြီး နောက်ဆုံး ပြိုင်ပွဲလေးတစ်ပွဲကို လှလှပပနဲ့ အဆုံးသတ်လိုက် ချင်ကြတယ်။ ဒါကြောင့် နောက်ထပ် ပြေးပွဲလေး တစ်ပွဲနွှဲပြီး စည်းလုံးမှုကို ပြဖို့ ဆုံးဖြတ်လိုက်တယ်။
ဒါက နောက်ဆုံးပုံပြင်ပေါ့ ဗျာ
 ပြေးပွဲလေး စပြီ။ ဒီတစ်ခါတော့ ယုန်ဟာ လိပ်ကို မြစ်ကမ်းနားပါး ရောက်တဲ့ အထိ ထမ်းခေါ်သွားလိုက်တယ်။ မြစ်ထဲမှာတော့ လိပ်က ယုန်ကို ကျောပေါ်တင်ပြီး မြစ်ကို အတူကူးကြတယ်။ ဟိုဘက်ကမ်းလည်း ရောက်ရော ယုန်က ပြန်ထမ်းပြီး အတူတူ ပန်းဝင်လိုက်ကြတယ်။ ဒီတခါတော့ အရင်က ခံစားခဲ့ရတဲ့ ကျေနပ်မှုထက် အများကြီးသာတဲ့ ကျေနပ်မှုတွေ နှစ်ယောက်လုံး ပိုင်ဆိုင်ကြရတယ်။
အနှစ်သာရ -တစ်ဦးတစ်ယောက်ချင်းစီ အနေနဲ့ အောင်မြင်တယ်ဆိုတာ ကောင်းပါတယ်။ ကိုယ်ပိုင် ထူးကဲတဲ့ အရည်အချင်းနဲ့ပေါ့။ ဒါပေမယ့် စုစုစည်းစည်း တစ်ဦးချင်းစီရဲ့ အားသာချက်တွေ အသုံးပြုပြီး အဖွဲ့နဲ့ အလုပ် မလုပ်တတ်ဘူးဆိုရင်တော့ သင်ဟာ သာမန်လူ သာသာပါပဲ။ ဘာလို့လဲဆိုတော့ သင်မတတ်နိုင်တဲ့ ကိစ္စတချို့မှာ တခြားသူက ကောင်းကောင်း ကိုင်တွယ်နိုင်တဲ့ အနေအထားတွေ အမြဲ ရှိနေမယ်လေ။ နေရာတိုင်းမှာ နံပါတ် တစ် ဆိုတာတော့ ဘယ်ဖြစ်နိုင်မလဲ။ ဒီတော့ အားလုံး ခြုံကြည့်လိုက်ရင် သင်ဟာ သာမန်လူ သာသာပဲ။ စုစည်းလုပ်ဆောင်မှုမှာ အခြေအနေအရ ခေါင်းဆောင်တွေ အပြောင်းအလဲ လုပ်ပေးရမယ်။ သူတို့ရဲ့ ထူးကဲတဲ့ အားသာချက် စွမ်းရည်တွေအပေါ် မူတည်ပြီးတော့ပေါ့။
အထက်က ပုံပြင်မှာဆိုရင် ယုန်ကော လိပ်ပါ ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရပေမယ့် နောက်မဆုတ်၊ လက်မတွန့်ခဲ့ပါဘူး။ ယုန်ဟာ ရှုံးပွဲနဲ့ ကြုံရပြီးနောက်ပိုင်း အရင်ကထက် ပိုကြိုးစားပြီး ပိုအားစိုက်ထုတ်ခဲ့တယ်။ လိပ်ဟာလည်း သူ အစွမ်းကုန် ကြိုးစားပြီးတာတောင် မအောင်မြင်နိုင်တော့ လမ်းဟောင်းကို စွန့်ပြီး နည်းဗျူဟာ အသစ်ကို ပြောင်းသုံးဖို့ ၀န်မလေးခဲ့ဘူး။
ကျွန်တော်တို့ ဘ၀မှာကော ....။ ဆုံးရှုံးမှုတွေနဲ့ ကြုံလာရတဲ့အခါ တစ်ခါတလေ ပိုကြိုးစားပြီး ပိုအားစိုက်ထုတ်လိုက်ရင် အဆင်ပြေသွားနိုင်ပါတယ်။ တစ်ခါတလေမှာ နည်းဗျူဟာ နဲ့ တခြား ပြောင်းလဲမှု တစ်စုံတစ်ရာ လုပ်ယူရတယ်။ တစ်ခါတလေတော့လည်း နှစ်ခုစလုံး တပြိုင်တည်း လုပ်ရလိမ့်မယ်။ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် ယှဉ်ပြိုင်နေကြမယ့်အစား လက်ရှိအခြေအနေတွေကို စိန်ခေါ်နိုင်ရင် ပိုပြီး ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်လာပါလိမ့်မယ်။
0 comments: