Labels:

မြန်မာ့ လူနေမှုဘ၀ထဲက သနပ်ခါး ယဉ်ကျေးမှု








"ရွှေနံ့သာခေါက်ကိုလ

ကျောက်ပျဉ်မှာ အသာတင်


ခန်းခွင်မှာသွေး


လိမ်းမယ်လို့ ကြံ


မှန်ယူခဲ့ ဆံတိုလေးရယ်


ပိန်းရိုက်စို့လေး။"

ဤကျောက်ပြင် ပေါ်အထက်မှာဖြင့်
ကျော်ကရက်မက် အနှစ်တုံးကိုလ
နံ့သာဖြူ အသာရောတဲ့ပြင်
မပြစ်ကျဲ အရည်ဖျော်ကာပ
ဘယ်ဝိုင်းညာ အသာသွေးပါလို့
လိမ်းခြယ်သ နံ့သာကြိုင်ဆင်း
ရနံ့တွင်း ပြိုင်ဘက်ကင်းတာကြောင့်
ပြင်းပြင်းဖွေး လိမ်းကာခြယ်ကာပ
သင်းသင်းမွှေး တကယ်လှလို့
တအားကုန် မွှေးကာရှိုက်လိုက်မယ်
အမယ့်ပါးက သနပ်ခါး။
“ရွှေဘိုသနပ်ခါးတုံးများ ရန်ကုန်လိမ်းဖို့ ယူ၊ ဘယ်လို အသားမည်းမည်း ၀ါဝါညက်ညက်ဖြူ” ဆိုသည့် နန်းတော်ရှေ့ ဆရာတင်၏ နာမည်ကြီး သီချင်းမှသည် ယနေ့ခေတ် Black Whole အဖွဲ့၏ “ပါးပြင်မှာ သနပ်ခါးလေးနဲ့ ချစ်စရာကောင်းလိုက်တာကွာ၊ သူများတွေထက် မထင်ရှားလည်းပဲ ကိုယ့်အတွက် လမင်းလေးပါ” ဆိုသည့် “သနပ်ခါးချစ်သူ” သီချင်းအထိ ခေတ်အလိုက် သနပ်ခါး သီချင်းများကို လူငယ်တို့ ဆိုညည်းကြသည်အထိ သနပ်ခါးက ရေပန်းစားလှသည်။


သနပ်ခါးဆိုသည်မှာ မြန်မာအမည်၊ သနပ်ခါးပင် ရုက္ခဗေဒအမည် (Limonia Acidissima) မှရရှိလာသော အခွံအခေါက် ဖြစ်သည်။ ကျောက်ပျဉ် ဆိုသည်မှာ ကျောက်တောင်မှရရှိလာသော ကျောက်တုံးအစိတ်အပိုင်းကို လိုရာပုံထုဆစ်ထား သော ကျောက်ဆစ်ပစ္စည်း တစ်မျိုးဖြစ်သည်။ သင်းပျံ့မွှေးကြိုင်သော အနံ့ရှိသည့် သနပ်ခါးတုံးကို ချောမွေ့သော မျက်နှာပြင်ရရှိအောင်ထုဆစ်ထား သည့် ကျောက်ပျဉ်ပေါ်တင်၍ သွေးလေသောအခါ လူသားတစ်ယောက်၏ နူးညံ့ ချောမွေ့သော မျက်နှာပြင်ပေါ်တွင် လိမ်းခြယ်နိုင်သည့် သစ်ခေါက်အနှစ်တစ်မျိုးကိုရရှိလေသည်။

သနပ်ခါးကျောက်ပျဉ်နှင့် ပတ်သက်သော စာကဗျာများကို အင်းဝခေတ်တွင် တွင်ကျယ်စွာတွေ့ရှိရသည်။ ရန်ကုန်ဘဆွေ ရေးသော 'ရွှေဝါပြည်'စာအုပ်တွင် အင်္ဂလိပ်လူမျိုးတစ်ဦး၏သနပ်ခါးနှင့်ပတ်သက်၍ သူ့အမြင်ကို ဖော်ပြထားသည်မှာ 'ရွှေဝါပြည်သူတို့သည် မွှေးသောအပင်မှ အခေါက်များကို လိမ်းခြယ်ကြသည်။'ဟုဖော်ပြထားလေသည်။ မိမိသည် သနပ်ခါးကို နှစ်သက်ပါသည်။ သဘာဝအတိုင်း ဓာတုဆေးဝါးများမပါဘဲ အသုံးပြုနိုင်ခြင်းအပေါ်တွင်လည်း ကျေနပ်နိုင် ပါသည်။ မြန်မာလူမျိုးတို့သည် သစ်ခေါက်ကို လိမ်းခြယ်သည့်အလေ့အထရှိကြသေးသည်ဟု ပကတိအတိုင်းပြောဆိုလာ ပါမူ မည်သို့ရှိချေမည်နည်း။ သစ်ခေါက်လိမ်းသည့် လူမျိုးဟု ရိုးရိုးလေးဆိုလာခြင်းအပေါ် မည်သို့သဘောထားနိုင်ပါမည် နည်း။


အာဖရိကတောတွင်းဇာတ်ကားများတွင် အာဖရိကလူရိုင်းများ သစ်ခေါက်များလိမ်းခြယ်၍ ခုန်ပေါက်ကခုန်နေသည်ကို ပြန်လည်သတိရမိပြီး တို့တစ်တွေသည် သနပ်ခါး (၀ါ) သစ်ခေါက်လိမ်းသည့် အဆင့်လေလောဟု တွေးတော ဆင်ခြင် နေမိမည်လော။ ပြည်ပခရီးသည်တွေ အနေနှင့်ကော သနပ်ခါးဆိုသည်ကိုမသိလေသောကြောင့် တောတွင်းလူရိုင်း ရုပ်ရှင်ဇာတ်ကားများထဲမှ ဇာတ်ကောင်များသဖွယ် တအံ့တသြ ထင်မြင်လေကြမည်လောဟု အတွေးနယ်ချဲ့မိလေသည်။


သနပ်ခါးပင်မှ ရရှိသော အခွံအခေါက်သည် သူ့အတိုင်းသုံး၍ရသော ပစ္စည်းမဟုတ်ချေ။ သစ်ခေါက်မှ အနှစ်ရစေရန် မျက်နှာပြင်ချောမွေ့အောင်ပြုပြင်ထားသော ကျောက်တုံးခေါ် ကျောက်ပျဉ်ပေါ်တွင် ရေအနည်းငယ်နှင့် သွေး၍အနှစ်ကိုရယူရပါသည်။
Photobucket


သနပ်ခါးသုံးစွဲတတ်မှု၊ သနပ်ခါးလိမ်းခြယ်မှုတို့သည် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုနှင့်အတူ တိုးတက်ရှင်သန်လာခဲ့သည်ဟု ဆိုချင်ပါသည်။ သနပ်ခါးကို အသုံးပြုရာတွင် မရှိမဖြစ်ကျောက်ပျဉ်ကို ကျောက်ဆစ်ပညာဖြင့်ထုဆစ်ယူရလေသည်။ ကျောက်ဆစ်ပညာဆိုသည်မှာ မြန်မာ့ယဉ်ကျေးမှု အနုပညာ ပန်း၁၀မျိုးအနက်မှ ပန်းတမော့ပညာဖြစ်သည်။ ပုဂံခေတ်က ထုဆစ်ခဲ့သည့် ပန်းတမော့ပညာကို လေ့လာလိုပါက ညောင်ဦးမြို့အနီးရှိ ကျောက်ကူးဥမင်၊ ပုဂံမြို့ဟောင်းအနီးမြင်းကပါရွာ ရှိ နန်းဘုရားတို့တွင် အထူးပြုလေ့လာနိုင်ပါသည်။


သနပ်ခါးတုံးတင်၍ သွေးသောကျောက်ပျဉ်ကို မူလအစ၌ မျက်နှာပြင်ညီညာချောမွေ့သည့် ကျောက်ပြားပေါ်တွင် တင်၍သွေးခဲ့ဟန်ရှိပါသည်။


'သနပ်ခါးကျောက်ပြားပေါ်တွင် သောက်ရေအေးနှင့် ရောသွေးပါလျှင် နံ့သာအပေါ်ကျဲတတ်တယ်'


ထို့နောက်မှတစ်ဆင့်တက် တစ်ဆင့်မြှင့်၍ စက်ဝိုင်းပုံစံအနှစ်ခံရန် ရေတံလျှောက်နှင့် ဖြစ်လာမည်ဟု ယူဆရပါသည်။ ယဉ်ကျေးမှုတိုးတက်ထွန်းကားလာခြင်းနှင့်လည်း ဆက်စပ်နေပါသည်။ လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ရာ့ငါးဆယ်ခန့်ကဟု ယူဆရသော ရှေးဟောင်းကျောက်ပျဉ်ကြီးများတွင် ကျောက်ပျဉ်၏ ခြေထောက်နှင့် ရေတံလျှောက် ဘောင်ပတ်လည်တွင် မရွှေဥကျားချီခန်းကို အပီအပြင်ထုဆစ်ပြီး လမ်းဆုံလမ်းခွဇရပ်ကြီးများတွင် ရေတွင်းရေကန်နှင့်အတူ သနပ်ခါးတုံး၊ ကျောက်ပျဉ်ကြီးများကိုပါ ထားရှိဒါနပြုလေ့ရှိသည်ဟု လေ့လာတွေ့ရှိရပါသည်။


ထို့ပြင် ဆင်ရုပ်၊မင်္ဂလာ မောင်နှံစုံတွဲပုံ၊ ဥဒေါင်းပုံ၊နဂါးပုံများကိုလည်း ကျောက်ပျဉ်ခြေထောက်တွင် ထုဆစ်မွမ်းမံခြယ်သ၍ အမြတ်တနိုးအသုံးပြုခဲ့ကြောင်း တွေ့ရှိရပါသည်။


ပဲခူးရွှေမော်ဓော ဘုရားသမိုင်းတွင် ကျောက်ပျဉ်ပါဝင်နေပါသည်။ ရာဇဓာတုကလျာမင်းသမီးသည် သူမအမြတ်တနိုးအသုံး ပြုနေသော ကျောက်ပျဉ်ကို ပဲခူးရွှေမော်ဓောဘုရားတွင် ထည့်သွင်းဌာပနာခဲ့ ကြောင်း အထောက်အထားများရှိပါသည်။


အဓိကကျသော သနပ်ခါးမဆိုထားနှင့် တွဲဖက်အသုံးပြုသော ကျောက်ပျဉ်ကိုပင်လျှင် အနုပညာလက်ရာ မြောက်စွာ ထုဆစ်ခြယ်မှုန်းတတ်ကြပါသည်။ မကွေးတိုင်း၊ ပခုက္ကူမြို့ သီဟိုဠ်ရှင်ဘုရားခန်းအတွင်းရှိ ပြတိုက်တွင် ဇာတ်ကွက် ဇာတ်ရုပ်များခင်းကျင်းထုဆစ်ထားသည့် သနပ်ခါးကျောက်ပျဉ်ကို ယနေ့ထိလေ့လာနိုင်ပါသေးသည်။ ကျောက်ပျဉ်များထုလုပ်သည့် မကွေးတိုင်း၊ချောက်မြို့နယ်အတွင်းရှိ ဂွေးချိုတောင်၊ မင်းကန်ရွာသို့ သွားရောက်လေ့လာ ခဲ့ပါသည်။ ရွာအနီးနှစ်မိုင်ခန့်ဝေးသော ဂွေးချိုတောင်မှ ညက်ချောမာကျောသော သဲကျောက်တုံးကြီးများကို လိုဏ်ဖောက် တူးထုတ်ရပါသည်။ ရရှိလာသော ကျောက်တုံးအရွယ် ပမာဏအလိုက် ကျောက်တောင်ပေါ်တွင် အကြမ်းထုဆစ်ပုံဖော်ပြီး ရွာသို့သယ်ယူကြရပါသည်။ ရွက်ရောက်မှ အချောသပ်အပြီးထုဆစ်ပါသည်။ မင်းကန်ရွာမှ ကျောက်ပျဉ်ထုဆစ်မှု (ပန်းတမော့) ပညာရှင်တစ်ဦးကပြောကြားသည်မှာ 'ကျွန်မတို့လက်တွေ အသားမာတွေတက် ကွဲအက်နေတဲ့ လက်ကြမ်း ကြီးတွေနဲ့ ထုဆစ်ထားတဲ့ သနပ်ခါးကျောက်ပျဉ်လေးတွေမှာ သနပ်ခါးလိမ်းခြယ်ကြသူတွေ အားလုံးလှပနိုင်ကြပါစေ'ဟု စေတနာထားကြောင်း ရင်ဖွင့်ပြောဆိုပါသည်။


မှန်ပါသည်။ ကျောက်ပျဉ်လုပ်သားတို့၏ ဘ၀သည်ပင်ပန်းဆင်းရဲကြပါသည်။ ကျောက်တုံးများနှင့် အားပြိုင်၍ ဘ၀ရှင်သန်ကြရသော မလှပသည့် ဘ၀ပိုင်ရှင်တို့က လှပသော ကျောက်ပျဉ်လေးများသုံး၍ လှပနိုင်ကြပါစေဟု စေတနာထားနိုင်ရှာကြပါပေသည်။
သနပ်ခါးသွေးသော ကျောက်ပျဉ်ကိုပင် ဆေးကျောက်ပျဉ်၊ ခန်းဝင် ကျောက်ပျဉ်၊ ဂမ္ဘီရဆန်စွာ အစီအမံများပါသည့် ကျောက်ပျဉ်၊ အသည်းပုံ နာရီပုံဆန်းများထုဆစ်ထားသည့် မော်ဒန်ကျောက်ပျဉ်နှင့် အဖိုးတန်လက်ဝတ်ရတနာများ လျှို့ဝှက်ထည့်ထားနိုင်သည့် Photobucketရတနာကြုတ်ကျောက်ပျဉ်၊ အပြောက်အမွှမ်း အနွယ်အခက်ကနုတ်ပန်းများ၊ ဆင်၊မြင်း၊ ဒေါင်း၊မင်္ဂလာစုံတွဲ အစရှိသည့် ကျောက်ပျဉ်များကို စုံနေအောင် ထုလုပ်ပေးခဲ့ရကြောင်း မင်းကန်ရွာမှ ကျောက်ပျဉ် ပန်းတမော့ပညာရှင် အသက်(၈၇)နှစ်ရှိ အဘ ဦးပေါက်က ရှင်းပြပါသည်။



သနပ်ခါးကို လိမ်းခြယ်ရုံမျှသာမကာ ပုဂံခေတ်ကတည်းက လှူဒါန်းပူဇော်ခဲ့သော မီးပုန်းပွဲတော်၊ ဆော၊ယော ဒေသများနှင့် စစ်ကိုင်းတိုင်းမှ အင်းတော်၊ မန္တလေးမြို့မှ မဟာမြတ်မုနိ၊ ရန်ကုန်မြို့မှ ရွှေတိဂုံဘုရားတို့တွင်လည်း သီတင်းကျွတ်နှင့် တပို့တွဲလပြည့်၊ တပေါင်းလပြည့်နေ့ကြီးများတွင် သနပ်ခါးကို အသုံးပြု၍ ဗုဒ္ဓပွဲတော်များ ကျင်းပပူဇော်ကြပါသည်။ ရခိုင်ပြည်နယ်မှ ကျင်းပသောနှစ်သစ် ကူးရိုးရာရေသဘင်ပွဲတော်တွင် သနပ်ခါးကို စုပေါင်းသွေးလှူ၍ နံ့သာရည်အဖြစ် ပက်ဖျန်း ဆင်နွှဲကြပါသည်။ ထို့အပြင်သနပ်ခါးသည် နံ့သာ၁၀ပါးတွင် အခေါက်နံ့သာအဖြစ်ပါဝင်ပါသည်။ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့်လက်တွေ့အသုံးချဆေးဖက်အပင်များ ပေါင်းချုပ်စာအုပ်တွင် သနပ်ခါးနှင့် ပတ်သက်၍ ပါဝင်သောဒြပ်ပေါင်းများကို ဖော်ပြထားပါသည်။ သနပ်ခါးတွင်ပါဝင်သော ဒြပ်ပေါင်းများမှာ–


Xanthoto xin, Phenylacetox ycoun arin, Umbelliferone, Limonin, Iuvangetin တို့ပါဝင်ပါသည်။ သနပ်ခါးသည်အပူအအေးနှစ်မျိုးလုံးနှင့်သင့်လျော်သည်ဟု ဖော်ပြထားသဖြင့် နွေ၊မိုး၊ဆောင်း ဥတုသုံးပါးလုံးတွင် ကျန်းမာရေးအတွက်ကိုက်ညီသင့်လျော်ပါပေလိမ့်မည်။


မြန်မာနိုင်ငံ၌ သနပ်ခါးမလိမ်းခဲ့ဖူးသူဟု လွန်စွာရှားလိမ့်မည်ဟု ထင်ပါသည်။ သနပ်ခါးနှင့်ပတ်သက်၍ ကျမ်းကြီးကျမ်းခိုင် သည် ပို၍လွန်စွာရှားပါသည်။ ၁၉၇၄ ခုနှစ်ထုတ် မြန်မာ့သနပ်ခါးစာအုပ်၊ မြန်မာ့စွယ်စုံကျမ်း(၁၉၇၂)၊ ရှင်နာဂသိန် ပုံပြဆေး အဘိဓာန် (၁၉၇)နှင့် ကျန်းမာရေးဝန်ကြီးဌာနထုတ် လက်တွေ့အသုံးချဆေးဖက်အပင်များပေါင်းချုပ်(၂၀၀၃) မျှသာရှိ ပါသည်။


သနပ်ခါးနှင့် ပတ်သက်သည့် စုံစုံလင်လင် ကဏ္ဍများခွဲ၍ အတွင်းကျကျ အနှစ်အသားပါပါ သနပ်ခါးကျမ်းကြီးကျမ်းခိုင်တစ် အုပ်ရှိသင့်လှပေသည်။ သနပ်ခါးစိုက်ရာပျိုးရာ၊ သနပ်ခါးပါဝင်သော ပွဲတော်များကျင်းပရနေရာဒေသ၊ ဘ၀ထဲကမြင်တွေ့ ကြားသိနေရသည့် သနပ်ခါး၊ ဘာသာဗေဒ၊ ဆေးဝါးဗေဒ ဓာတုဗေဒထဲက သနပ်ခါးစသည်ဖြင့် သုတေသနပြုလေ့လာ ဖော်ထုတ်ပြုစုပေးဖို့ လိုအပ်နေပြီဖြစ်ပါသည်။ ဟိုတစ်စ သည်တစ်စ ဟိုတစ်ဖဲ့ တစ်ဖဲ့ ပွစာကျဲပြန့်နေသော သနပ်ခါး အချက်အလက်ပေါင်း မြောက်မြားစွာ ရှိနေပါသည်။ စုစည်း၍ အားကြီးသော၊ ဂုဏ်ယူ စံထားလောက်သော အဆင့်ကြိုးစားအား ထုတ်ရန်သာရှိပါသည်။


သနပ်ခါးသည် ပြည်ပဧည့်သည်များ၊ နိုင်ငံခြားသား ခရီးသည်များ အမြင်တွင် အထင်အမြင်သေးစွာ သစ်ခေါက်လိမ်းသည့် လူမျိုးဘ၀မှ သနပ်ခါး၏ ပင်ကို အရည်အသွေးတို့အရ လွတ်ကင်းပြီးဖြစ်ပါသည်။ မြန်မာနိုင်ငံသားတို့၏ တာဝန်သိစွာ ဂုဏ်ယူစွာ မြန်မာ့ သနပ်ခါးအပေါ်တွင် သုတေသနပြုဖော်ထုတ်ပေးနိုင်သူများပေါ်ပေါက်ပါစေဟုသာ ဆုတောင်းနေ မိပါသည်
 အစဉ်လေးစားခင်မင်စွာဖြင့်
ညချစ်သူ

0 comments: