Labels:

"ဖောင်ပေါ်မှ လူ ခုနှစ်ဦး"


"ဖောင်ပေါ်မှ လူ ခုနှစ်ဦး"

တစ်ခါက သင်္ဘောပျက်လို့ ဖောင်တစ်ခုပေါ်ရောက်တဲ့ လူတစ်စု အကြောင်းကိုလည်း အမှတ်ရပါရဲ့ မသေမပျောက်လို့ ဖောင်ပေါ်ရောက်တဲ့အတွက် ကံကောင်းတယ်လို့ ယူဆရမှာလား . . . ။

(၁)
အဲဒီခုနှစ်ဦးထဲက တစ်ဦးကတော့ ကံကောင်းလို့ ဖောင်ပေါ်ရောက်နေတာလို့ မြင်ပုံမရဘူး။
သူက တစ်လောကလုံးကို အမြဲပဲအဆိုးမြင်နေတက်တဲ့ အဆိုးမြင်ဝါဒီ Pessimist ဖြစ်တယ်တဲ့။
လောကမှာ ကောင်းမြတ်ပါပေတယ်ဆိုတဲ့ အရာတွေဟာ တကယ်တော့ လူကို ဒုက္ခပိုရောက်အောင် ဆွဲဆောင်လှည့်စားနေတာတွေဖြစ်တယ်။
ဒီတော့ . . ကောင်းမြတ်ပါပေတယ်ဆိုတာတွေဟာ တကယ်တော့ ကောင်းမြတ်တာတွေ မဟုတ်ဘူးလို့ သူမြင်တယ်။
အခုလည်း သင်္ဘောပျက်ပြီး ဖောင်ပေါ်ရောက်နေတာဟာ ကံကောင်းလို့ ရောက်နေတာ မဟုတ်ဘူး၊ ဒုက္ခများများ လူမှာရောက်ဖို့အတွက် အချိန်ဆွဲထားတဲ့ သဘောပဲလို့ သူမြင်တယ်။

(၂)
ဖောင်ပေါ်က နောက်တစ်ဦးကတော့
အတ္တဗဟိုပြုသမား Egocentric အတ္တဗဟိုပြုဝါဒီဖြစ်တယ်။
သူ့ရဲ့လက်သုံးစကားကတော့ . . .
“ဒီကနေ့မှာ ရနိုင်သမျှ ကာမဂုဏ်အာရုံတွေကို ခံစားသာယာပစ်လိုက်” ဆိုတာပဲ တဲ့။
အခုလို ဖောင်ပေါ်ရောက်နေတုန်းမှာလည်း သက်သက်သာသာလေး နေလို့ရရင် သက်သက်သာသာပဲ နေလိုက်မယ်လို့ သူက သဘောထားတယ်။ အတ္တသမားပီပီ ဖောင်ပေါ်မှာ သူ့အတွက် သက်သက်သာသာ နေလို့ရအောင်၊ သူများတွေထက် နေရာ ကျယ်ကျယ်ရအောင်၊ ထိုင်နိုင် အိပ်နိုင်အောင် ယူထားတယ်။

(၃)
ဖောင်ပေါ်က နောက်တစ်ဦးကတော့ အကောင်းမြင်သမား Optimist ဖြစ်တယ်။
သူက အကောင်းမြင်သမားပီပီ မိုးကုတ်စက်ဝိုင်းဆီ လှမ်းမျှော်ပြီး ကမ်းကိုမြင်ရတော့မှာပါလားလို့ ပြောနေတယ်။

(၄)
ဖောင်ပေါ်က နောက်တစ်ဦးကတော့
စူးစမ်းလေ့လာရေးသမား Observer ဖြစ်တယ်။
စူးစမ်းလေ့လာရေးသမားပီပီ သူကတော့ ပင်လယ်ရဲ့ အနေအထား၊ လှိုင်းကလေးတွေရဲ့ အတိုးအဆုတ်၊ ဖောင်ပေါ်က လူတွေရဲ့ အပြုအမူ၊ အစာငတ် ရေငတ်ဖြစ်နေကြပုံ၊ ဖောင်ရဲ့ ပျက်စီးလုနီးနီး အခြေအနေ . . . ဒါတွေ ဒါတွေကို မှတ်တမ်းတင်ဖို့ ကြိုးစားနေတယ်။

(၅)
ဖောင်ပေါ်က နောက်တစ်ဦးကတော့
အများအကျိုးဆောက်ရွက်တာကောင်းတယ်လို့ ယူဆတဲ့ ပရဟိတ၀ါဒီ Altruist ဖြစ်တယ်တဲ့။
ငါဟာ သူတစ်ပါးကို အကူအညီမပေးဘဲ မနေသင့်ဘူး၊ သူတစ်ပါးအကျိုး ရွက်ဆောင်သင့်တယ်ဆိုတဲ့ အယူအဆ ခိုင်လုံဖို့အတွက် ဆင်ခြင်ဆင်လက်တွေကို သူကရှာနေတယ်တဲ့။

(၆)
ဖောင်ပေါ်က နောက်တစ်ဦးကတော့
အဆိုးအကောင်းဟူသမျှကို ကြိတ်မှိတ်ပြီး ခံတက်သူ Stoic ဖြစ်တယ်။
သူက ဘာကိုမှ မယုံကြည်ဘူး၊ သူယုံကြည်တာက ပင်လယ်ထဲက ခုန်ချပြီး ဘ၀ကို မြန်မြန် အဆုံးစီရင်ပစ်လိုက်တော့မယ် . . . ဆိုတဲ့စိတ် ဖြစ်လာတိုင်း ခုန်မချဖြစ်အောင် အဆုံးမစီရင်ဖြစ်အောင် ငြင်းဆန်နေတဲ့ သူ့ရဲ့ငြင်းဆန်ချက်ကိုတော့ မှန်တယ်လို့ ယုံကြည်နေတာ . . . တဲ့။

(၇)
ဖောင်ပေါ်က နောက်ဆုံးတစ်ဦးကတော့
လောကကြီးအကြောင်း ဘာဆိုဘာမှ မသိတဲ့ ကလေးငယ်ကလေး ဖြစ်တယ်။
ဖောင်ရဲ့ မခိုင်ခံ့တော့တဲ့အဖြစ်၊ ညအမှောင်ထု ဖုံးလွှမ်းလာတော့မယ့် အဖြစ်ကို စိုးရိမ်ရကောင်းမှန်းလည်း မသိ။ မုန်တိုင်းလာတော့မယ့် အတိတ်နိမိတ်တွေကိုလည်း ကလေးငယ်ဟာ ကြောက်ရကောင်းမှန်း မသိဘူး။
ကလေးငယ်အတွက်တော့ ဖောင်ပျက်ရင်လည်း ပျက်တဲ့အထဲပါမယ်၊ ပင်လယ်ရေထဲကျမယ်၊ ဒီအတွက် ကလေးငယ်ဟာ တွေးလည်း မတွေးတက်ဘူး၊ ဒီတော့ ကြောက်ရကောင်းမှန်းလည်း မသိဘူး။
စိုးရိမ်ထိတ်လန့်မှုလည်း မရှိဘူး၊ အခြေအနေပေးရင်လည်း မိုးလင်းတဲ့အခါ ကမ်းခြေကို ဖောင်ဆိုက်မယ်။ ကလေးငယ်ဟာ ကမ်းပေါ်ရောက်မယ်။ ကလေးငယ်ရဲ့ ဘ၀ဟာ အခြေအနေတွေက ဖန်တီးတဲ့အတိုင်း ဖြစ်မှာပဲ။

ဖောင်ပေါ်က လူခုနှစ်ဦးဟာ လောကမှာရှိတဲ့ လူတွေမှာ ဖြစ်တက်တဲ့ သဘောထားခုနှစ်မျိုးကို ရည်ညွှန်းထားတာ၊
လောကနဲ့ ဘ၀ကို အကောင်းမြင်တဲ့လူရှိတယ်။
အကောင်းမြင်ပေမယ့် လက်တွေ့မှာ ကောင်းတာ၊ မှန်တာတွေကို မလုပ်နိုင်သူ မဖြစ်ဖို့လည်း လိုမှာပဲ။

လောကနဲ့ ဘ၀ကို အဆိုးဘက်က ကြည့်မြင်တဲ့လူလည်းရှိတာပဲ။
အဆိုးမြင်ရာကနေပြီး စိတ်ဓာတ်တွေကျဆင်း ပြိုကွဲသွားသူမျိုး မဖြစ်ဖို့လည်း လိုလိမ့်မယ်။

ပြီးတော့ . . . လူ့လောကမှာ အတ္တဗဟိုပြုသမားတွေလည်းရှိတယ်။
ဒီလူတွေကတော့ ဘယ်သူသေသေ၊ ငတေမာရင်ပြီးရော . . . ဆိုတာလို သူတစ်ပါးတွေ ဘယ်လို ဒုက္ခတွေ ရောက်ရောက်၊ ငါကောင်းစားချမ်းသာရင် ပြီးရောဆိုပြီး သဘောထားတယ်၊ ဒီသဘောထားနဲ့ ကိုယ့်အကျိုးကိုယ့်စီးပွားကိုပဲ ရှာရင်း လောကကြီးကို အရုပ်ဆိုးအောင် လုပ်ကြတယ်။

ပရသမားကတော့ အများအကျိုး သယ်ပိုးခြင်းဟာ ကောင်းတယ်လို့မြင်တယ်။
ဒါပေမယ့် ပရသမား အရေအတွက်က လူ့လောကမှာ အရေအတွက်အားဖြင့် သိပ်ကိုနည်းတယ်ဆိုတာ တွေ့နိုင်တယ်။

ဖောင်ပေါ်က ကလေးငယ်လို ဘာကိုမှ အလေးအနက် မသိသူ . .
ဘာကိုမှ အလေးအနက်မထားသူ . . . ဖြစ်သလို ကြုံသလိုနေသူတွေလည်း ရှိမယ်။ ဖြစ်ချိန်တန်ဖြစ်၊ ပျက်ချိန်တန်ပျက်၊ သူ့သဘော သူဆောင်သွားလိမ့်လို့ သဘောထားသူတွေလည်းရှိမယ်။
အများကြီးရှိနေကြလိမ့်မယ် . . . လို့ တွေးရင်း . .
ဖောင်ပေါ်က လူအမျိုးအစားထဲ ခုနှစ်မျိုးထဲမှာ ငါ . . . ဘယ်အမျိုးအစားမှာပါသလဲ . . လို့ တွေးတယ်၊
ဘယ်အမျိုးအစားထဲမှာမှ မပါချင်ဘူးလို့ စိတ်ထဲမှာ ပြောလိုက်ရော . .
ကျောက်ဆောင်ကို ရိုက်လိုက်တဲ့ လှိုင်းကနေ စင်လာတဲ့ ရေတွေက တစ်ကိုယ်လုံးကို တုပ်တုပ်နစ်အောင် ရွှဲစိုသွားတယ်၊ ပြန်လှည့်ဆင်းသွားတဲ့ ပင်လယ်ရေရဲ့ အသံက တဟားဟား ရယ်မောသွားသလိုပဲ . . . ။

ဆရာ- နန္ဒာသိန်းဇံ
သမုဒ်ပင်လယ်ပြာ နှိုင်းပမာ (စာ ၁၃-၁၆) မှ ကောက်နှုတ်ရေးသားပါသည်။


0 comments: