Labels:

ကလေးများနေ့ အက်ဆေး

by Salai Thet Naing on Sunday, June 10, 2012 at 8:42pm ·
 
 
ဒီနေ့က ကလေးများနေ့ပါ။
အရွယ်ရောက်ပြီးသော လူသားတွေက ရင့်ကျက်တဲ့မေတ္တတွေနဲ့ကလေးသူငယ်တွေရဲ့ အခန်းကဏတွေကို မြှင့်တင်ပေးဖို့ရည်ရွယ်သတ်မှတ်ခဲ့တဲ့ နေ့တစ်နေ့လို့ပြောနိုင်ကောင်းပါရဲ့...။
          သင်ချစ်တဲ့ သင့်ကလေးတွေ ကော်ဓါး၊ကော်သေနတ် စတဲ့ အရုပ်တွေနဲ့ဆော့နေတဲ့အခါ သင့်စိတ်ထဲ ကြည်နူးကောင်း ကြည်နူးနေနိုင်မည်ဖြစ်ပါသည်။ဒါပေမယ့် အခု အဓိကရုဏ်းဖြစ်နေတဲ့နေရာက ကလေးတွေ
ကတော့ ဓါးမြောင်(အစစ်)၊ဒုတ်(အစစ်) ကိုယ်စီ ကိုင်လို့ရယ်ပါ။စာအုပ်၊ခဲတံနဲ့ပေတံတွေက သူတို့ကို လတ်တလော လုံခြုံမှုဖန်တီးမပေးနိုင်မှန်းသူတို့သိနေကြတယ်လေ။သွေးသံရဲရဲနဲ့လူက ဖေဖေလား၊မေမေများဖြစ်နေမလား၊
သမီးတို့အိမ် ဘာလို့မီးလာရှို့နေကြတာလဲ...ကလေးတစ်ယောက်နဲ့ မမျှတဲ့ အကျည်းတန်မှုတွေကြားမှာ
သူတို့တတ်နိုင်တဲ့ တစ်ခုတည်းသောအလုပ်ကတော့ ဘာမှန်း မသိရဘဲ အော်ငိုနေရုံပဲပေါ့...။
          အဲဒီက ကလေးတစ်ယောက်ယောက်ကများ ဘာလို့ဒီလိုတွေဖြစ်နေကြတာလဲ..မေးရင်
ကလေးမိဘများခင်ဗျာ တောင်းပန်ပါတယ်။သူတို့ကို ပြုံပြပေးပါ။ပွေ့ဖက်ထားပါ။ပြီးတော့ နမ်းလိုက်ပါ။
ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်တဲ့ သံသရာရဲ့သမိုင်းခါးခါးတွေကို ကလေးတွေရင်ထဲ ရိုက်သွင်း မပေးလိုက်ကြပါနဲ့တော့။
          အဲဒီက ကလေးတစ်ယောက်ယောက်ကများ ကျွန်တော့်ကို မေးခဲ့ရင်တော့ ကျွန်တော်ပုန်းနေကြောင်း ရိုးသားစွာ
ပြောပြပေးပါ။အဲဒီကလေးတွေမေးကောင်းမေးလိမ့်မယ့် မေးခွန်းတွေအတွက် ကျွန်တော့်မှာ အဖြေတွေ ရှိမနေမှာ စိုးရိမ်ပါတယ်။
          UN... ဆိုတာ ဘာအတွက်ပေါ်လာရတာလဲ၊UN...ရဲ့ အဓိက ရည်ရွယ်ချက်တွေက ဘာလဲ..မေးရင် ကျွန်တော် မဖြေတတ်တော့လို့ပါ။
          ASEAN...ဆိုတာ တရုတ်ရဲ့လက်ဝါးကြီးအုပ်မှုကို ကာကွယ်ဖို့ သက်သက်ပဲဖွဲ့စည်းထားတာလား...မေးရင် ကျွန်တော် မဖြေတတ်တော့လို့ပါ။
          ဒီ အဓိကရုဏ်းက ရခိုင်ပြည်နယ်ရဲ့ တစ်သီးပုဂ္ဂလပြသနာပဲလား၊အခြားသော ကချင်၊ကယား၊ကရင်၊ချင်း၊ဗမာ၊မွန်နဲ့ရှမ်း တွေနဲ့ မသက်ဆိုင်ဘူးလား..မေးရင် ကျွန်တော် မဖြေတတ်တော့လို့ပါ။
          ဗုဒ္ဒဘာသာ၊ခရစ်ယာန်၊ဟိန္ဒူ နဲ့ မွတ်ဆလင် စတဲ့ ဘာရေးအဖွဲ့အစည်းနဲ့ ခေါင်းဆောင်တွေရဲ့ အခန်းကဏက အလှူငွေကောက်နေရုံပဲလား၊ဘုရားဝတ်ပြုနေရုံပဲလား...မေးရင် ကျွန်တော် မဖြေတတ်တော့လို့ပါ။
          ရွေးကောက်ပွဲမ၀င်ခင် ကုန်ပစ္စည်းတွေ ပရိုမိုးရှင်းလုပ်သလိုမျိုး၊ကိုယ့်ပါတီနာမည်ကို တကြော်ကြော် အော်ပြီး ကြော်ငြာခဲ့ကြတဲ့ ပါတီတွေနဲ့အမတ်လောင်းတွေ၊လက်ရှိတာဝန်ရှိနေတဲ့ အာဏာပိုင်တွေ နေကောင်းကြပါရဲ့လား၊ခုတလောဘာတွေများ လုပ်နေကြလဲမေးရင်...ကျွန်တော် မဖြေတတ်တော့လို့ပါ။
          အသားအရောင်တွေ၊လွပ်လပ်ရေးတွေနဲ့ ကိုယ့်ပန်းတိုင်ရောက်ဖို့ တိုက်ပွဲဝင်ခဲ့တာချင်းအတူတူ ဟစ်တလာ နဲ့ မဟတ္တမ ဂန္ဒီ က ဘယ်လိုကွာခြားလို့လဲ...မေးရင် ကျွန်တော် မဖြေတတ်တော့လို့ပါ။

မိတ်ဆွေ.... ဒီမေးခွန်းတွေကို ကျွန်တော့်ကိုယ်စား ကလေးတွေကို ဖြေပေးလိုက်ပါဗျာ။ကလေးတွေ သိချင်နေကြရှာတယ်။    ။


 
စစ်တွေမြို့၊June 10 နေ့ မြင်ကွင်း။

0 comments: