“ဘုရားမဖြစ်သေးသမျှ၊ မိမိကိုယ်ကို ဘယ်တော့မှ ပြည့်စုံပြီဟု မအောက်မေ့ပါနှင့်”
(ပထမ မစိုးရိမ်ဆရာတော်ကြီး ဦးသူရိယ)
“မိမိကိုယ်ကို အမြဲတမ်းပြုပြင်နေရမည်၊ ဘယ်အချိန်ထိ ပြုပြင်ရမလဲဆိုလျှင် သေသည့်အချိန်ထိ ပြုပြင်ရမည်”
(အမရပူရ မဟာဂန္ဓာရုံ ဆရာတော် ဦးဇနက)
“ဆုံးမချင်သူ သဲလုံးအမျှရပါစေဟု ရှင်ရာဟုလာ နှလုံးသွင်းသည်။
သာမဏေငယ် ဆုံးမသော်လည်း နားထောင်မည်ဟု ရှင်သာရိပုတ္တာ နှလုံးသွင်းသည်။ အပြစ်ပြဆုံးမသူကို ရွှေအိုးပေးသူဟု ဆည်းကပ်ရ မည်။
ပန်းပဲဆရာ အထုမခံသောသံတုံး လက်နက်အဖြစ်သို့ မရောက်၊
ဆရာကောင်း အဆုံးအမ မခံ သောတပည့် သူတော်ကောင်းမဖြစ်။
တောအရပ်၌ မိဘကင်းသောသားသမီး ကျားစာဖြစ်၏၊
သာသ နာ၌ သြဝါဒကင်းသောရဟန်း မာရ်နတ်စာဖြစ်၏။”
(ပထမရွှေကျင် ဆရာတော်ကြီး ဦးဇဘရ)
“ကိုယ့်ဘာသာ ထွန်းကားစေလိုလျှင် သူ့ဘာသာရေးကို မနှိပ်စက်နှင့်၊
သူ့စကားနှင့် သူ့ဘာသာတရား ကိုနားလည်မှ ကိုယ့်ဘာသာတရား ထွန်းကားရန်လုပ်နိုင်၏။ ကိုယ့်ဘာသာတရားမှာ ကိုယ့်စိးပွါးရေး နှင့် ကိုယ့်ကျက်သရေ တည်နေ၏။”
(ဖရင်ကလင်)
“ဘာသာတရားဟူသမျှသည် တစ်မျိုးမဟုတ် တစ်မျိုးသော အကြောင်းများကြောင့် ကြည်ညိုလေးစား ထိုက်သည်ချည်းဖြစ်၏။သို့ရာတွင် ဘာသာဝင်တစ်ဦးတစ်ယောက်သည် မိမိ၏ဘာသာတရားကို အ ထွတ်အထိပ်သို့ရောက်အောင် ဆောင်ရွက်စဉ် အခြားဘာသာဝင်များ၏ ဘာသာတရားများကိုလည်း မြင့်မားအောင်ဆောင်ရွက်ခွင့်ပြုရ၏။” (အသောကမင်းကြီး၏ ကျောက်စာပိုဒ်၁ခုကို အိန္ဒိယဝန်ကြီးချုပ် နေရူးဘာသာပြန်သည်)
“အမှန်အားဖြင့် အားလုံးသော ဘာသာအယူဝါဒတို့သည် မကောင်းမှုကို မပြုမိစေရန် စောင့်စည်ခြင်း၊ စိတ်၏စင်ကြယ်ခြင်းကို အလိုရှိကြ၊ညွှန်ပြကြသည်သာဖြစ်၏။”
(အသောကမင်းကြီး၏ ကျောက်စာပိုဒ် ၁ခုကို အရှင်အာဒိစ္စသံဝ ဘာသာပြန်သည်)
“တန်ဆောင်းပြသာဒ်စသည်တို့ကို ဆောက်လုပ်ကြရာ ပညာသာတတ်ပြီး လက်နက်မစုံလျှင်လည်း ကောင်း၊လက်နက်သာစုံပြီး ပညာမတတ်လျှင်လည်းကောင်း ဖြစ်နိုင်အံ့လော၊ လက်နက်နှင့်ပညာ နှစ်မျိုးလုံးစုံမှသာ ဖြစ်နိုင်သည်မဟုတ်လော။ သာသနာ့လုပ်ငန်း၌လည်း လက်နက်၊ပညာစုံမှ သဒ္ဓါနှင့် ပညာ ညီညာစွာစုံလင်မှ သင့်တော်အောင်ပြုနိုင်သည်။ ထို့ကြောင့် ကုသိုလ်အရာတိုင်းမှာ သဒ္ဓါ၊ပညာ စုံလင်စေကြ။”
(ရဟန္တာဟု သမုတ်ခံရသော ဘုန်းတော်ကြီး ဦးသီလ)
“ဗာလ(လူမိုက်)သည် ချီးမွမ်းစကားဖြင့် ပဏ္ဍိတ(ပညာရှိ)အား ဒဏ်ပေးတတ်၏။ သဒ္ဓါဖြင့် ယုံကြည် လျက် ပညာဖြင့် မဆင်ခြင်လျှင် အရှက်ကွဲတတ်သည်။ ပညာဖြင့် ဆင်ခြင်လျှက် သဒ္ဓါဖြင့် မယုံကြည် လျှင် စဉ်းလဲတတ်သည်။ သဒ္ဓါနှင့်ပညာ ညီလျှင် အပြစ်ကင်းသည်။”
(အဂ္ဂမဟာပဏ္ဍိတ ညောင်လေး ပင်ဆရာတော်)
“ပညာဥာဏ်များ သဒ္ဓါပါး အမှားဖြစ်တတ်သည်။ ပညာဥာဏ်နည်း သဒ္ဓါကဲ အလွဲဖြစ်တတ်သည်။” (ဒီပဲရင်းဆရာတော်)
“လူတစ်ယောက်ဟာ သူတစ်ပါးကိုထောက်ပံ့၊ကူညီပေကမ်း နိုင်စွမ်းရှိပါလျက် မထောက်ပံ့၊မကူညီ၊ မပေးကမ်းဘဲ သေဆုံးသွားလျှင် ထိုကဲ့သိုသော သေဆုံးခြင်းသည် မမြင့်မြတ်သော သေဆုံးခြင်း ဖြစ်သည်။”(အမေရိကန် သံမဏိသူဌေးကြီး အင်ဒရူးကာနက်ဂျီ)
“အထုပ်ကလေးတပြင်ပြင်၊ဘာမှမလှူချင်၊အထုပ်ရှင်မှာ သေလို့သွား၊ကျန်တဲ့သူတွေ ဝေကာစား၊ အထုပ်ရှင်မှာ အလကား၊ဘာမှလဲပါမသွား၊သေရွာကျတော့ အပါယ်လား၊နိဗ္ဗာန်ရောက်ဖို့ အခက်သား၊ ကုသိုလ်ပုညပြုမှတော်၊အဖော်ပါမှ စိတ်မှာအေး၊ဘဝဖန်ခါ ရိက္ခာဆေး၊ ရုပ်နာမ်နှစ်ဖြာဒုက္ခဝေး။” (တိပိဋကဓရဆရာတော် ဦးကောသလ္လ)
“သမင်သည် ပြည်တန်ပတ္တမြားကို တွေ့မြင်သော်လည်း တန်ဖိုးမသိသည့်အတွက် မြက်ကိုသာစားပြီး တောတွင်းဝင်သွားသကဲ့သို့ လူမိုက်သည် လူ့ဘဝအခွင့်ကာလကောင်းကို ရနေပါသော်လည်း တန်ဖိုး မသိသည့်အတွက် အာရုံငါးပါးကာမဂုဏ်တရားကိုခံစားပြီး အပါယ်လေးပါးသို့သွားသည်။”
ဒါတွေက မှော်ဖြူလုလင် ဖတ်ဖူးတဲ့စာအုပ်များမှ ကောက်နုတ်တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။
ဒီစကား တွေကနေ မိတ်ဆွေတို့အတွက် မှတ်သားစရာတစ်ခုခုရလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။
မိတ်ဆွေ တို့အတွက် အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။
မေတ္တာဖြင့်
မှော်ဖြူလုလင်
YouTube မှ ရရှိသော အကျိုးကျေးဇူး ၃ မျိုး
5 years ago
0 comments:
Post a Comment