Labels:

စွဲမြဲခြင်းရဲ့ရလဒ်

ဒီလိုမိသားစုလေးတစ်စုရှိတယ်။ အမျိုးသားက အလယ်တန်းပြ ကျောင်းဆရာ၊ အမျိုးသမီးက ကြယ်သီးအရောင်းဆိုင်တစ်ဆိုင် ထောင်ထားတယ်။ သမီးက အလယ်တန်းကျောင်းသူဖြစ်တယ်။ အမျိုးသားက ကျောင်းစာပြ၊ အားလပ်ရင် စာကြည့်တိုက်ပြေးပြီး ကိုယ့်စိတ်ဝင်စားတဲ့စာဖတ်တွေ ရှာဖတ်တာကလွဲလို့ တခြားကြိုက်နှစ်သက်တာမရှိခဲ့ဘူး။ တစ်ခါတလေ အားနေရင်တော့ မိန်းမဖွင့်ထားတဲ့ ကြယ်သီးဆိုင်မှာ သွားထိုင်တတ်တယ်။ အမျိုးသမီးကလည်း ဘာရည်ရွယ်ချက် ကြီးကြီးမားမားမရှိဘူး။ ဆိုင်မှာ ကြယ်သီးတွေအပြင်၊ ခေါင်းစည်းကြိုး၊ ဆံညှပ်ရင်ထိုးစတဲ့ ဖန်စီပစ္စည်းလေးတွေ တင်ထားတယ်။ သမီးကလည်း စာတော်တယ်မဆိုသာပေမယ့် စာမေးပွဲတိုင်းအောင်တယ်။ ဆုတော့ မရဖူးဘူး။ သူတို့မိသားစုက ဒီလိုနဲ့ပဲ နေ့ရက်တွေကို ရိုးရိုးရှင်းရှင်း၊ ဆိတ်ဆိတ်ငြိမ်ငြိမ် သာမန်မျှသာ ဖြတ်သန်းနေကြတယ်။ တစ်နေ့မှာ ယောက်ျားဖြစ်သူက မိန်းမကိုပြောတယ်။ သူ အသစ်အဆန်းတစ်ခုတွေ့ထားတယ်တဲ့။ ဘာအသစ်အဆန်းလဲလို့ မိန်းမကမေးတော့... မနေ့က စာကြည့်တိုက်မှာ သူစာအုပ်တွေရှာဖတ်ရင်းက ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီ(၅ဝဝ)က ကြေညာထားတဲ့စာရင်းကို ဖတ်မိခဲ့တယ်လို့ဆိုတယ်။ အဲဒီကမ္ဘာ့ထိပ်တန်းကုမ္ပဏီတွေက တစ်လမ်းတည်းသွားသူတွေဖြစ်တယ်။ ယောက်ျားရဲ့အပြောကို မိန်းမကနားမလည်တော့ ယောက်ျားက ဒီလိုရှင်းပြတယ်။ "ဥပမာ-- ခင်က ကြယ်သီးရောင်းတယ်။ ဒါဆိုရင် ဆိုင်မှာ ကြယ်သီးပဲတင်မယ်။
ဆိုင်ကိုနည်းနည်းထပ်ချဲ့ပြီး ကြယ်သီးမျိုးစုံတင်တယ်။ တခြားဘာပစ္စည်းမှ မတင်ဘူး" "ဒါက ဘာများဆန်းသစ်လို့လဲ? ဒါက သီးသန့်ဆိုင်ဖွင့်တာပဲ မဟုတ်လား?" လို့ မိန်းမကထပ်မေးတော့ ယောက်ျားအဖြေမရှိခဲ့ဘူး။ ဟုတ်ပါတယ်.. ဒါဟာ သီးသန့်ဆိုင်သဘောမျိုးပါပဲ။ ဒါပေမဲ့ ဘာဖြစ်လို့ ဒီလိုသီးသန့်ဆိုင်ဖွင့်တာနဲ့ အဲဒီကုမ္ပဏီ(၅ဝဝ)က ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ စာရင်းဝင်တွေဖြစ်နေမှန်း ယောက်ျားကနားမလည်ခဲ့ဘူး။ ဒါဟာ ထူးခြားမှုတစ်ခုခုတော့ ရှိရမယ်လို့ သူတွေးမိတယ်။ အဲဒီလို အသစ်အဆန်းတစ်ခုကို သူတွေ့ပြီး နောက်ဆက်တွဲအဖြစ်တွေကို သူစူးစမ်းလေ့လာခဲ့ပြန်တယ်။ ကမ္ဘာ့ ပထမထိပ်တန်းဝင် လက်လီအရောင်းဆိုင် Wal-Martကုမ္ပဏီအကြောင်းကို သူရှာဖတ်ခဲ့တယ်။ Wal-Martကုမ္ပဏီဟာ လက်လီပဲရောင်းတယ်။ ဝင်ငွေဘယ်လောက်ကောင်းကောင်း အိမ်ခြံမြေရောင်းဝယ်မှုထဲ မဝင်ခဲ့ဘူး။ နောက် General Motors (GM) ကားကုမ္ပဏီကို သူဆက်ရှာဖတ်ပြန်တယ်။ GMကားကုမ္ပဏီက ဒုတိယထိပ်တန်းဝင်လို့ဆိုရမယ်။ နှစ်(၁ဝဝ)အတွင်းမှာ ကားနဲ့ ကားအပိုပစ္စည်းတွေကိုပဲ ထုတ်လုပ်ခဲ့တယ်။ လေယာဉ်၊ သဘောင်္ဆောက်လုပ်ရေးလုပ်ငန်းကို မထိမတို့ခဲ့ဘူး။ ကမ္ဘာ့သူဌေးစာရင်းဝင် ဘီလ်ကိတ်အကြောင်းကိုလည်း သူရှာဖွေဖတ်ရှုကြည့်ပြန်တယ်။ ဘီလ်ကိတ်ဟာ လမ်းတစ်လမ်းကိုပဲ အဆုံးလျှောက်သွားတာကို သူတွေ့ရတယ်။ ငွေကြေးဘယ်လောက်များများ ဆော့ဝဲလ်ကိုပဲ ဘီလ်ကိတ်လုပ်ခဲ့တယ်။ ငွေကြေးရနိုင်တဲ့ တခြားလုပ်ငန်းတွေကို မလုပ်ခဲ့ဘူး။ စာတွေဖတ်ပြီး သူစဉ်းစားတယ်... အာရုံတစ်ခုနဲ့ပဲ အလုပ်လုပ်ရင် ပိုအလွယ်တကူ အောင်မြင်နိုင်သလား? ဒီလို စဉ်းစားမိပြီးနောက် တစ်ညနေမှာ မိန်းမဖြစ်သူကို သူပြောတယ်။ နောက်ပိုင်းဆိုင်မှာ ပစ္စည်းတွေတင်ရင် တခြားဖန်စီပစ္စည်းတွေမတင်ဘဲ ကြယ်သီးတစ်မျိုးပဲတင်မယ်။ ရှိသမျှ ကြယ်သီးမျိုးစုံပဲတယ်မယ်။ ဒီလိုနည်းနဲ့ အရင်စမ်းသပ်ကြည့်ရအောင်လို့ သူဆိုတယ်။ အခွင့်အရေးကိုပဲ သူဆုပ်ကိုင်မိလိုက်သလား! ဒါမှမဟုတ် "ဒီတစ်လမ်းကိုပဲ ကြံ့ကြံ့ခံလျှောက်မယ်"ဆိုတဲ့လုပ်ရပ်မှာ အခွင့်အရေးက ကပ်ပါလာခဲ့သလား! မပြောတတ်ပါဘူး။ နောက်ဆုံးမှာ ကြယ်သီး သီးသန့်အရောင်းဆိုင်ကြီးတစ်ခု အဲဒီမြို့မှာ ဖြစ်ထွန်းအောင်မြင်ခဲ့ပါတယ်။ ကြယ်သီးမျိုးစုံ ဖြန့်ဝေဆိုင်၊ အရောင်းဆိုင်ကြီးအဖြစ်နဲ့ သူတို့အောင်မြင်ခဲ့ပါတယ်။ သိပ်မကြာခင်မှာ ဒီကျောင်းဆရာအမျိုးသားက ကျွန်တော်တို့ကို ထမင်းစားဖိတ်တယ်။ ဒီထမင်းစားပွဲက သူ့သမီး အင်္ဂလန်သွားမယ် ဂုဏ်ပြုပွဲလို့ဆိုတယ်။ ကြယ်သီးဆိုင်ဖြစ်ထွန်းပြီး ငွေကြေးတွေစုဆောင်းမိလို့ သမီးကို နိုင်ငံခြားပို့ ကျောင်းတက်စေသလားလို့ ကျွန်တော်တို့မေးတော့ သူက ပြောတယ်.. "သမီးက ကျောင်းစာသိပ်မတော်ဘူး။ တက္ကသိုလ်တောင် မအောင်ဘူး။ ဒါပေမဲ့ အင်္ဂလိပ်စာကို သူကြိုက်တယ်။ ဒါကြောင့် အင်္ဂလိပ်စာဆရာတစ်ဦးကိုခေါ်ပြီး အင်္ဂလိပ်စာပဲ သူ့ကိုသင်စေခဲ့တယ်။ နောက်တော့ အလုပ်ကြော်ငြာတစ်ခုမှာ စကားပြန်တစ်ဦးအလိုရှိတယ်ဆိုလို့ သူလျှောက်လိုက်တာ အရွေးခံလိုက်ရတယ်။ ဒါကြောင့် အင်္ဂလန်မှာ အလုပ်လုပ်ဖို့ သွားမှာပါ"။ တောင်တစ်တောင်တည်းကိုပဲ ကြိုးစားတက်လှမ်းသူက နောက်ဆုံးမှာ တောင်ထိပ်ဖျားကိုရောက်မှာဖြစ်တယ်။ အလုပ်တစ်ခုကို စွဲစွဲမြဲမြဲ ဇွဲရှိရှိနဲ့ကြိုးစားလုပ်သူက နောက်ဆုံးမှာ အောင်မြင်ခြင်းကိုရမှာဖြစ်ပါတယ်။ မူရင်း-- http://www.gushi365.com/info/436.html နိုင်းနိုင်းစနေ ဘာသာပြန်သည်။

0 comments: