Labels:
@@@ သူငယ်ချင်း @@@
0 comments
စကားလုံးလေးက သုံးလုံးတည်းပါပဲ ... ဒါပေမယ့် သူ့ရဲ့အနက်ကတော့ ကျယ်ပြန့်လွန်းတယ်ထင်ပါတယ်။ သူငယ်ချင်း
အချို့ က မထင်မှတ်တဲ့နေရာမှာ မထင်မှတ်ပဲကောက်တွေ့ ခဲ့ကြတယ်။ သူငယ်ချင်းရဲ့ သူငယ်ချင်းအချို့ ဟာ မထင်မှတ်ပဲ
ကိုယ်သူငယ်ချင်း ဖြစ်လာကြတယ်။ လူချင်းမမြင်ဖူးပဲ ဖုန်းနဲ့ အင်တာနက်နဲ့ ဆက်သွယ်တဲ့ သူငယ်ချင်းတွေလည်းရှိတယ်။
လူချင်း မြင်ဖူးပြီး အရမ်းကောင်းတဲ့သူငယ်ချင်းတွေဖြစ်ခဲ့ကြတာလည်း ရှိတယ်။ အိမ်မှားဝင်ပြီး ခင်ခဲ့ကြတဲ့ သူငယ်ချင်း
တွေ ရှိသလို မတော်တဆ တိုက်မိပြီး ခင်ခဲ့ကြတဲ့ သူငယ်ချင်းတွေလည်းရှိတယ်။
ငယ်ငယ်တုန်းက
Labels:
စာကြောင်းလေး ၁၀ကြောင်း
0 comments
*The most selfish one-letter word is' I' . Avoid it.*
အက္ခရာတစ်လုံးတည်းရှိတဲ့ တကိုယ်ကောင်းအဆန်ဆုံးစကားလုံးကေ
တာ့ `ငါ´ ပါ။
အဲဒါကို ရှောင်ကျဉ်ပါ ... တဲ့။
ဒီစာကြောင်းလေးကို ဖတ်လိုက်ရတော့ လူလောကထဲက နေရာတကာမှာ ငါတကောကောနေကြတဲ့
လူတစ်ချို့ရဲ့မြင်ကွင်းတွေဟာ ကျွန်တော့်ရဲ့ အတွေးတွေထဲမှာ
ဝိုးတ၀ါးပေါ်လာပါတယ်။ အဲဒါငါလုပ်လိုက် တာလေ။ ငါမရှိရင်တော့
မင်းတို့တွေအားလုံးဒုက္ခရောက်ကုန်ကြတော့မှာပဲ။ ငါပါလို့ပေါ့ကွာ ငါသာမပါရင်
မင်းတို့အသင်းရှုံးပြီ။ ငါသာမကူညီရင်တော့ မင်းမလွယ်ဘူးနော် ... စတဲ့ ...
စတဲ့ တစ်ငါတည်း ငါနေကြ တဲ့ စကားလုံးတွေဟာ လောကကြီးထဲမှာ
မကြားချင်လည်းကြားနေကြရမယ့်စကားလုံးတွေပါ။ ဒီလိုစကားမျိုး
တွေကိုပြောနိုင်ကြတဲ့သူတွေဟာ အတိုင်းအတာတစ်ခုအထိ
တော်ကြတဲ့သူတွေများပါတယ်။ ဒါပေမယ့် မိမိကိုယ်ကိုယုံကြည်မှု၊ သူတပါးအပေါ်
အထင်အမြင်သေးမှုတွေလွန်ကဲနေတတ်ကြတဲ့ အဲဒီ့လိုလူမျိုးတွေဟာ
တစ်နေ့နေ့တစ်ချိန်ချိန်မှာ တကိုယ်ကောင်းဆန်ခဲ့ခြင်း၊
မာနတက်ခဲ့ခြင်းတို့ရဲ့ နောက်ဆက်တွဲရလဒ်တွေကို မရှုမလှခံရတတ်ပါတယ်။
လောကကြီးရဲ့ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီဆိုတဲ့သဘောတရားကို
နားမလည်ကြရှာတဲ့ သူတို့တွေဟာ တခါတခါ
လောကဓံတရားဆိုတာကြီးကိုမေ့လျော့နေတတ်ကြတဲ့အတွက်
တကယ်တမ်းကြီးမားပြင်းထန်တဲ့ဆုံးရှုံးမှုတွေနဲ့ကြုံတွေ့ရပြီး
ကိုယ့်အနားမှာတစ်ယောက်မှ မရှိတော့တဲ့အခါမှ
နောင်တတွေရနေမိတဲ့အဖြစ်မျိုးတွေကြုံလာနိုင်ပါတယ်။ ကျွန်တော်တို့ဟာ
ဘယ်လိုကိစ္စမျိုးကိုပဲဖြစ်ဖြစ် တကယ်ပဲ
အောင်အောင်မြင်မြင်နဲ့အဆုံးသတ်နိုင်ခဲ့ပြီဆိုရင် ဒီကိစ္စဟာ
ငါတစ်ယောက်တည်းကြောင့် အောင်မြင်ခဲ့တာလားဆိုတာကို
အမြဲတမ်းပြန်သုံးသပ်ကြည့်သင့်တယ်။ ဘုရားတောင်မှ အမှီရှိမှ
ပွင့်တယ်ဆိုတဲ့စကားကို အားလုံးကြားဖူးကြမှာပါ။
ကိုယ်နဲ့ပတ်သက်ဆက်နွယ်နေသမျှသူအားလုံးဟာ တစ်နည်းမဟုတ်တစ်နည်းနဲ့
ကိုယ့်ကိုပါရမီဖြည့်နေကြတာပဲဆိုတဲ့ သဘောတရားကိုသာနားလည်ထားမယ် ဆိုရင်
လောကမှာ ငါတကောကောစရာကိစ္စဆိုတာဘာမှမရှိတော့ပါဘူး။ အဲဒါကြောင့်
ကျွန်တော်တို့အနေနဲ့ နေရာတကာမှာ `ငါကွ´ `ငါကွ´
လို့အော်ပြီးအလှူ့ရှင့်မှန်းသိအောင် မဏ္ဍပ်တိုင်တက်ပြတဲ့ အပြုအမူမျိုးကို
သတိထားပြီး ရှောင်ကျဉ်သင့်ပါတယ်။
* The most satisfying two-letter word is' We ' . Use it.* 
အက္ခရာ နှစ်လုံးပါတဲ့ စိတ်ကျေနပ်စရာအကောင်းဆုံး စကားလုံးကတော့ `ငါတို့´
ပါ။ အဲဒါကို အသုံးပြုပါ တဲ့။
ခုဏကစကားနဲ့ဆန့်ကျင်ဘက်ပါ။ အချို့နေရာတွေမှာ `ငါ´
ဆိုတဲ့စကားလုံးကိုသုံးတာထက် `ငါတို့´ ဆိုတဲ့စကားလုံးကိုသုံးလိုက်ခြင်းက
အားလုံးအတွက်ပိုပြီး ကျေနပ်အားရစရာကောင်းပါ လိမ့်မယ်။ ကိစ္စရပ်တစ်ခုကို
ချောချောမောမောနဲ့ အဆုံးသတ်နိုင်လိုက်ပြီဆိုရင် ငါလုပ်လိုက်လို့ပြီး
သွားတာပါလို့ ပြောမယ့်အစား ငါတို့အားလုံးဝိုင်းလုပ်ကြလို့အခုလို
အောင်အောင်မြင်မြင်နဲ့ပြီးဆုံးသွား တာမဟုတ်လားလို့ ပြောနိုင်ဖို့ဆိုတာ
အထက်မှာဖော်ပြခဲ့သလို စိတ်ကြီးဝင်နေသူတွေအဖို့ကတော့ တကယ့်ကိုမလွယ်ပါဘူး။
မိမိရဲ့လုပ်ဖော်ကိုင်ဘက်တွေကို လေးစားတဲ့၊ မိမိနဲ့ဆက်နွယ်ပတ်သက် နေသမျှ
လူအားလုံးရဲ့ မိမိအပေါ် အထောက်အပံ့ပေးမှုတွေကို အသိအမှတ်ပြုတတ်တဲ့၊
စည်းလုံး ညီညွတ်မှုနဲ့ ပေါင်းစည်းခြင်းရဲ့အင်အား
ကိုနားလည်တတ်တဲ့စိတ်ဓါတ်ပြည့်ဝသူတို့မှသာ ဒီစကားမျိုးကို
ရင်ထဲကနေပြောထွက်နိုင်မှာပါ။ လောကမှာ တစ်ယောက်တည်းလုပ်လို့မရတဲ့ ကိစ္စတွေ
အများကြီးရှိပါတယ်။ ဘယ်လောက်ပဲထူးချွန်ထက်မြက်တဲ့သူ ဖြစ်ဖြစ်
သူ့မှာနောက်လိုက်ကောင်းတွေနဲ့ အဆွေခင်ပွန်းကောင်းတွေမရှိရင် အဲဒီ့သူဟာ
ထင်ထားသလောက် မအောင်မြင်နိုင်ပါဘူး။ ပုရွက်ဆိတ် တစ်ကောင်က
ထမင်းလုံးတစ်လုံးကိုမသယ်နိုင်ပေမယ့် ပုရွက်ဆိတ်အုတ်ကြီးကြောင့်
ထမင်းစိတွေ ပျောက်ပျောက်သွားတတ်တာကို ကျွန်တော်တို့ သတိ ပြုသင့်ပါတယ်။
အဲဒီ့တော့ ကျွန်တော်တို့တွေ အောင်မြင်မှုတစ်ခုအတွက် `ငါ´ဆိုတဲ့စကားလုံး
ကို သုံးတော့မယ်လို့စဉ်းစားတိုင်း အဲဒီ့အောင်မြင်မှုမှာ ဘယ်သူတွေကဘယ်လို
ပါဝင်ပတ်သက်ခဲ့တယ်ဆိုတာကို သေသေချာချာသုံးသပ်ပြီး `ငါတို့´
ဆိုတဲ့စကားလုံးလေးအဖြစ် ပြောင်းလဲသုံးစွဲနိုင်ဖို့ကြိုးစားသင့်ပါတယ်။
*The most poisonous three-letter word is' Ego ' . Kill it.*
အက္ခရာသုံးလုံးနဲ့ဖွဲ့စည်းထားတဲ့ အဆိပ်အပြင်းဆုံးစကားလုံးဟာ `အတ္တ´ ပါ။
အဲဒါကို သတ်ပစ်ပါ
ပုထုဇဉ်တွေဖြစ်ကြတဲ့ ကျွန်တော်တို့လူသားတွေတိုင်းမှာ
အတ္တမကင်းနိုင်ကြဘူးဆိုတာသေချာ ပါတယ်။ ဒါပေမယ့် ... နေရာတကာမှာ
အတ္တစိတ်ကိုရှေ့တန်းတင်ပြီး ပြောဆိုဆောင်ရွက်နေမယ် ဆိုရင် တော့ အဲဒီ့
အတ္တစိတ်ဟာ အဆိပ်အတောက်အဖြစ်အသွင်ပြောင်းသွားပြီး ကိုယ့်ကို အကြီးမားဆုံး
ဒုက္ခတွေ ပြန်ပေးတတ်ပါတယ်။အတ္တစိတ်ဟာ လိုတာထက်ပိုပြီးလွန်ကဲလာပြီဆိုရင်
အဲဒီ့လူအနေနဲ့ ဘယ်လိုကောင်းမွန် တဲ့အလုပ်ကိုမှ လုပ်လို့ရတော့မှာမဟုတ်ပါဘူး။ ဥပမာအနေနဲ့ ပြောရရင်
လူတစ်ယောက်မှာ ငွေတစ်သောင်း ရှိတယ်ဆိုပါစို့ ...။ သူဟာ
တစ်နေ့တာအတွက်လိုလေသေးမရှိအောင် စားသောက်သုံးစွဲပြီးတဲ့နောက် သူ့ လက်ထဲ
ငွေတစ်ထောင်ပိုနေတဲ့အချိန်မှာ တစ်နေ့လုံး ထမင်းတနပ်မှမစားရသေးတဲ့
ချို့တဲ့ နွမ်းပါးသူ တစ်ယောက်နဲ့ဆုံပြီဆိုရင် ... သူဘာလုပ်မလဲ။
အတ္တသိပ်မကြီးတဲ့သူဆိုရင်တော့ ကိုယ်လဲစိတ်ကြိုက် သုံးစွဲ ပြီးပြီပဲဆိုပြီး
ကျန်တဲ့ငွေ ကို အဲဒီ့လူထမင်းစားဖို့အတွက် ပေးလိုက်မိမှာပါပဲ။
အတ္တကြီးလွန်းသူဆိုရင်တော့ အဲဒီ့မြင်ကွင်းကို
မသိချင်ယောင်ဆောင်လှည့်ထွက်ပြီး အဲဒီ့ကျန်တဲ့ငွေကို သူ့ရဲ့
သိပ်အရေးမကြီးလှတဲ့ အသေးအဖွဲ ဆန္ဒလေးနောက်တစ်ခုအတွက်
ထပ်မံသုံးစွဲပစ်လိုက်မှာပါပဲ။ လောကထဲမှာ လူအချို့ရဲ့ ဆန္ဒအပိုတွေ အတွက်နဲ့
အချို့သူတွေထမင်းငတ်နေကြရတဲ့ ဒီလိုအဖြစ်အပျက်မျိုးတွေ အများကြီးပါ။
အတ္တသမား အများစုဟာ လောကထဲကို ရယူပိုင်ဆိုင်ခြင်းတွေသက်သက်အတွက်ပဲ
မွေးဖွားလာတာ ဖြစ်တယ်လို့ သူတို့ကိုယ်သူတို့ ခံယူထားတတ်ကြပါတယ်။ ဒါပေမယ့်
... ရုပ်ဝတ္ထုပစ္စည်းတွေပိုင်ဆိုင်မှုနဲ့
အဆုံးမရှိတဲ့စိတ်ဆန္ဒတွေပြည့်ဝနေမှုဟာ အမှန်တကယ်မွန်မြတ်ပြီး ၊ အမှန်တကယ်
ကိုယ်ပိုင်ဆိုင် လိုက်နိုင်တဲ့ အရာတွေမဟုတ်ဘူးဆိုတာကို မသိကြရှာပါဘူး။
တကယ်တမ်းကျတော့လည်း အတ္တဆိုတာ လောကီသားတွေအတွက်တော့ ချိုမြိန်တဲ့
အဆိပ်ရည်တွေပါပဲ။ အလွန်အကျွံ မသောက်ဖြစ်အောင် တောင့်ခံကြရင်း
တတ်စွမ်းသ၍ပယ်သတ်ပစ်နိုင်ဖို့ကြိုးစားကြတာပေါ့ဗျာ။
*The most used four-letter word is' Love ' . Value it.*
အက္ခရာလေးလုံးပါတဲ့ လူသုံးအများဆုံးစကားလုံးကတော့ `ချစ်ခြင်းမေတ္တာ´ ပါ။
အဲဒါကို တန်ဖိုးထားပါ။
ချစ်တယ်၊ ချစ်တယ်ဆိုတဲ့စကားဟာ လောကထဲမှာ လူသုံးအများဆုံးဆိုတာကို
အားလုံးသဘောတူ ကြမယ်ထင်ပါတယ်။ ဒါပေမယ့် မေတ္တာတရားတွေစိမ့်ဝင်နေတဲ့
အချစ်ကိုတော့ အဲဒီ့ချစ်တယ်ဆိုတဲ့စကားလုံး
တိုင်းကိုယ်စားပြုနိုင်မယ်မထင်ပါဘူး။ အလိုရမ္မက်သက်သက်တွေကို
အချစ်လို့နာမည်တပ်လို့မရနိုင်ပေမယ့် လောကထဲက ချစ်ခြင်းများစွာမှာတော့
အလိုရမ္မက်တွေရဲ့အတိုင်းအတာက ကိုယ်စီကိုယ်ငှပါဝင်နေတတ်ကြ ပါတယ်။
အခုအချိန်အထိ ကျွန်တော်တို့တွေအားလုံး
အပြည့်အ၀အဓိပ္ပါယ်မဖွင့်ဆိုနိုင်ကြသေးတာဟာ `ချစ်တယ်´
ဆိုတဲ့စကားတစ်ခွန်းရဲ့နောက်ကွယ်က စိတ်ခံစားမှုအပိုင်းအစတွေကိုပါ။
ဘာပဲပြောပြော နိစ္စဓူဝကြားနေရတဲ့ အချစ်အကြောင်းတွေထဲမှာမေတ္တာတရားလေးပါ
နည်းနည်းလောက်ပေါင်းထည့်ပေးနိုင် ကြရင်ကောင်းမယ်လို့
ကျွန်တော်စဉ်းစားမိပါတယ်။ မေတ္တာဆိုတာ သူ့အကျိုးကိုလိုလားခြင်းပါ။
အဲဒါကြောင့် တကယ်သာ တစ်ယောက်ကိုတစ်ယောက် ချစ်တယ်ဆိုတာအပြင်
မေတ္တာထားကြပြီဆိုရင် ဘ၀လမ်းခရီးတွေ သာယာဖြောင့်ဖြူးလာကြမှာ အမှန်ပါပဲ။
တချို့တွေက ချစ်ခြင်းမေတ္တာကိုတန်ဖိုးမထား တတ်ကြပဲ
စိတ်ဆန္ဒတွေရဲ့မဆုံးနိုင်တဲ့ ၀င်္ကဘာထဲမှာ ၀ဲလှည့်နေတတ်ကြပါတယ်။ နောက်ပြီး
ချစ်တယ်ဆိုတဲ့ စကားကို ပါးစပ်ဖျားလေးကနေသုံးနှုန်းပြီး
ကာမဂုဏ်အာရုံတွေကြားထဲမှာပဲ ဘ၀ကို အလဟဿ
ဖြုန်းတီးပစ်နေတဲ့သူတွေလည်းရှိပါတယ်။ ကျွန်တော်ကတော့
စစ်မှန်တဲ့မေတ္တာတရားရဲ့ အရိပ်အောက်မှာ တစ်ဦးနဲ့တစ်ဦး
အပြန်အလှန်တန်ဖိုးထားမှုတွေနဲ့ သာယာတဲ့ဘ၀လေးတွေကို ထူထောင်
နိုင်ကြစေချင်ပါတယ်။
*The most pleasing five-letter word is' Smile ' . Keep it.*
အက္ခရာငါးလုံးပါတဲ့ ကြည်နူးစရာအကောင်းဆုံးစကားလုံးကတော့ `အပြုံး´ ပါ။
အဲဒါကို ဆောင်ထားပါ တဲ့။
အရမ်းစိတ်ညစ်နေတဲ့အခါမျိုး၊ အရမ်းစိတ်ဓါတ်ကျနေတဲ့အခါမျိုး၊
အရမ်းအားငယ်နေတဲ့အခါမျိုးတွေ မှာ တစ်ယောက်ယောက်ကနေကိုယ့်ကို
ရင်ထဲကနေပေါက်ဖွားလာတဲ့ အားပေးအပြုံးလေးတစ်ခုများပေး လိုက်ပြီဆိုရင်
စိတ်ထဲမှာ ဘယ်လောက်အထိကြည်နူးသွားတယ်ဆိုတာကို ကြုံဖူးသူတိုင်းသိကြမှာပါ။
အပြုံးတစ်ခုရဲ့ တန်ဖိုးနဲ့သက်ရောက်အားဟာ
တခါတခါမှာအံ့သြစရာကောင်းလောက်အောင်ကို ကြီးမား သွားတတ်ပါတယ်။
ကြားဖူးတဲ့ဖြစ်ရပ်လေးတစ်ခုအကြောင်းကိုပြောပြချင်ပါတယ်။ မသန်မစွမ်းကလေးငယ်
တွေရဲ့ အပြေးပြိုင်ပွဲတစ်ခုမှာ ခြေထောက်သိပ်မသန်တဲ့ ကောင်လေးတစ်ယောက်က
ဝင်ပြေးပါတယ်။ ပြေးလမ်းတစ်လျှောက် သူအခါခါလဲကျလို့
ဘေးကနေအော်သံတစ်ခုကိုကြားရတဲ့အခါတိုင်း သူလှမ်းလှမ်း ကြည့်လိုက်ရင်
ပွဲကြည့်စင်ကနေသူ့ကိုပြုံးပြီး `ရောက်တော့မယ်သားရဲ့ ... ပြေးထား ...
ပြေးထား´ လို့ လှမ်းလှမ်းအော်နေတဲ့ သူ့အမေကို အမြဲတွေ့နေရပါတယ်။
သားနဲ့အတူ အမေကလည်း ပွဲကြည့်စင်ပေါ်မှာ ပြေးနေတာလေ။ အဲဒီ့ကောင်လေးဟာ
ဆုတံဆိပ်တွေမရခဲ့ပေမယ့် ပန်းဝင်အောင်ပြေးနိုင်ခဲ့ပါတယ်။ နောက်ပိုင်း ...
အသက်အရွယ်ကြီးလာလို့ အောင်မြင်တဲ့စီးပွားရေးသမားကြီးတစ်ယောက်ဖြစ်နေတဲ့
ခြေထောက်မသန်တဲ့သူ့ကိုမေးကြည့်တော့ ...။ `ကျွန်တော်
အခက်အခဲတွေကိုရင်ဆိုင်ရတဲ့အခါတိုင်း ငယ်ငယ်တုန်းကပြေးပွဲကလေးမှာ
ပွဲကြည့်စင်တလျှောက် ကျွန်တော့်ကိုလိုက်အားပေးနေတဲ့ မေမေ့ရဲ့
အပြုံးမျက်နှာကို အမြဲတမ်းပြန်မြင်ယောင်နေတတ်တယ်။
မေမေ့ရဲ့အဲဒီ့အပြုံးကြောင့်ပဲ ကျွန်တော်ဒီဘ၀ကို ရောက်လာတာပေါဗျာ´ တဲ့။
လူတစ်ယောက် တစ်ခါတွေ့လိုက်တာနဲ့ တစ်သက်လုံးစွဲသွားစေမယ့် အပြုံးမျိုး
ကိုပြုံးနိုင်ဖို့ဆိုတာ တကယ်တော့မလွယ်လှပါဘူး။ အဲဒီ့အပြုံးဟာ
အသန့်စင်ဆုံးဖြစ်နေရမယ့်အပြင် စေတနာတွေ၊ မေတ္တာတွေ၊ အကြင်နာတွေနဲ့
စာနာနားလည်မှုတွေလည်း သူ့အချိုးအဆနဲ့သူပါနေဖို့လိုပါ တယ်။ ကျွန်တော်တို့
လူတိုင်းကို အဲဒီ့လိုအပြုံးမျိုးနဲ့
ပြုံးပြနိုင်ဖို့လေ့ကျင့်ကြည့်ရအောင်လေ။
*The fastest spreading six-letter word is' Rumor ' . Ignore it.*
အက္ခရာခြောက်လုံးပါပြီး အလျင်မြန်ဆုံးပျံ့နှံ့လွယ်တဲ့စကားလုံးကတော့
`ကောလဟာလ´ ပါ။ အဲဒါကို လျစ်လျှူရှုပါ တဲ့။
ပန်းသတင်းလေညင်းဆောင်၊ လူသတင်းလူခြင်းဆောင်ဆိုတဲ့စကားရှိပါတယ်။
ကျွန်တော်တို့ စဉ်းစားရမှာက ပန်းရဲ့မွှေးပျံ့တဲ့ရနံ့ကိုသယ်ဆောင်ပေးမယ့်
လေညင်းဟာ သူကိုယ်တိုင်သန့်ရှင်းစင်ကြယ် နေဖို့လိုပါတယ်။
အဲဒီ့လိုမှမဟုတ်ပဲ အဲဒီ့လေညင်းမှာ
အစကတည်းကအနံ့ဆိုးတစ်ခုခုများပါနေခဲ့ပြီဆိုရင် ပန်းရဲ့မွှေးပျံ့မှုသတင်းကို
သူအမှန်အတိုင်းသယ်ဆောင်နိုင်တော့မှာ မဟုတ်ပါဘူး။ အဲဒီလိုပါပဲ လူသတင်း
လူခြင်းဆောင်ကြတယ်ဆိုတဲ့နေရာမှာလည်း ယူဆောင်သွားတဲ့သူရဲ့ စိတ်အခြေအနေ
အဆိုးအကောင်း၊ အတိမ်းအစောင်းတွေက အဲဒီ့သတင်းတွေအပေါ်ကို အများကြီး
အကျိုးသက်ရောက်သွားတတ်ပါတယ်။ စကားတစ်ခုကို ဒီကနေဟို၊ ဟိုကနေဒီ
ပို့တဲ့အခါမှာကိုယ့်ရဲ့ခံစားချက်တွေ၊ ထင်မြင်ချက်တွေကိုပါ
ထပ်ပေါင်းထည့်တတ်ကြတာ လူတွေရဲ့သဘာဝပါ။ ဒီလိုနဲ့ပဲ
ကောလဟာလဆိုတာတွေဖြစ်လာတယ် လို့ကျွန်တော်တော့ထင်ပါတယ်။
ပါးစပ်တွေကလည်းပြောနေကြသလို၊ နားတွေကလည်းကြားနေကြရလေ တော့
အမြန်ဆုံးအလျင်နဲ့ ပျံ့နှံ့နေတတ်တဲ့ အဲဒီ့ကောလဟာလ
ဆိုတာတွေကိုကျွန်တော်တို့အနေနဲ့ တားဆီးဖို့ဆိုတာမဖြစ်နိုင်ပါဘူး။
အဲဒီ့တော့ ဘယ်လိုလုပ်ကြမလဲ၊ ကိုယ့်အကြောင်း မကောင်းသတင်း
တစ်ခုခုများကြားရပြီဆိုရင် အရင်ဆုံး ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ပြီး
အဲဒီ့ဝေဖန်သံတွေထဲက ပိုနေတာတွေ အားလုံးကို
လျစ်လျှူရှုပစ်နိုင်ဖို့ကြိုးစားရပါလိမ့်မယ်။ ကိုယ့်ရဲ့ ကိုယ်ကျင့်တရားနဲ့
ကိုယ်ရဲ့ ဂုဏ်သိက္ခာကို ကိုကိုယ်တိုင်အပြည့်အ၀ယုံကြည်နေမယ်ဆိုရင် ဘယ်လို
ကောလဟာလမျိုးကိုမှ ကျွန်တော်တို့ မှုစရာလိုမယ် မထင်ပါဘူး။
*The hardest working seven-letter word is' Success' . Achieve it.*
အက္ခရာခုနှစ်လုံးနဲ့ဖွဲ့စည်းထားပြီး
အပြင်းထန်ဆုံးကြိုးစားရယူရတဲ့စကားလုံးကတော့ `အောင်မြင်မှု´ ပါ။ အဲဒါကို
အရယူပါ တဲ့။
Give and take ဆိုတဲ့လောကရဲ့ အပေးအယူသဘောတရားတွေဟာ
ဘယ်သူမှလွန်ဆန်လို့မရနိုင် တဲ့ နိယာမတွေပါ။ ကိုယ်ပေးလိုက်ရတာနဲ့
ပြန်ရလိုက်တာတို့ရဲ့ အချိုးအစားညီမျှမှု၊ မညီမျှမှုကတော့ ကံတရားနဲ့
ဥာဏ်ရည်တို့အပေါ်မှာ မူတည်လေ့ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဥာဏ်နဲ့ယှဉ်တဲ့
ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်မှုတို့ရဲ့နောက်မှာ
ထိုက်တန်တဲ့အောင်မြင်မှုဆိုတာဟာ အနှေးနဲ့အမြန်ကပ်ပါလာတတ် ပါတယ်။
ပန်းတိုင်တစ်ခုကိုရောက်ဖို့ ကျွန်တော်တို့တွေ ကြမ်းတမ်းတဲ့လမ်းမှာ
တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် လျှောက်ရတာမျိုးတွေရှိပါတယ်။
ရည်မှန်းချက်တွေပြည့်ဝဖို့ ခံစားချက်တွေနဲ့ စိတ်ဆန္ဒအချို့ကို
ဘေးခဏပို့ထားပြီး ခြောက်သွေ့တိတ်ဆိတ်တဲ့ခရီးကို တစ်ယောက်တည်းစီးဆင်းရတာ
မျိုးတွေလည်းရှိတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ... အရင်းနှီးတိုင်းဟာ
အရှုံးအတွက်ဖြစ်လာကြတာ မဟုတ်ပါဘူး။ အောင်မြင်မှုဟာ ကျွန်တော်တို့နဲ့
အတော်လှမ်းချင်လှမ်းနေလိမ့်မယ်။ ဒါပေမယ့် တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့
လက်တကမ်းကိုရောက်လာရမှာပါပဲ။ ကျွန်တော်တို့မျှော်ရည်ရာ
ခရီးဆုံးတစ်ခုစီကို ရောက်ဖို့ အပြင်းအထန်ကြိုးစားကြမယ်။ ပြီးရင် ...
အဲဒီ့အောင်မြင်မှုဆိုတာကြီးကို အတူတူအရယူကြမယ်။
*The most troublesome eight-letter word is ' Jealousy'. Distance it.*
အက္ခရာရှစ်လုံးနဲ့ဖွဲ့စည်းထားတဲ့ ဒုက္ခအပေးဆုံးစကားလုံးကတော့
`မနာလိုဝန်တိုမှု´ ပါ။ အဲဒါကို ဝေးဝေးရှောင်ပါ တဲ့။
မနာလိုဝန်တိုမှုဆိုတာ တကယ်တမ်းကျတော့
ကိုယ့်ဒုက္ခကိုယ်ရှာချင်ကြတဲ့သူတွေမွေးတတ်ကြတဲ့ စိတ်ထားပါ။
စိတ်ကိုအရမ်းပူလောင်စေပြီး၊ တခါတခါမှာ
မကောင်းမှုတွေကိုပါဖိတ်ခေါ်လာတတ်ပါတယ်။ သူတပါးရဲ့ အောင်မြင်မှု၊
ကျော်ကြားမှု၊ ထင်ပေါ်မှုနဲ့ အရည်အချင်းတွေကို အားကျတယ်၊ အတုယူတယ်
ဆိုတဲ့အဆင့်ထက်ပိုပြီး မနာလိုဝန်တိုမှုဆိုတဲ့ မစ္ဆရိယစိတ်ဝင်လာပြီ ဆိုရင်
အဲဒီ့လူနဲ့ အခြားသူတွေရဲ့ ဆက်ဆံရေးဟာ အဆိုးဘက်ကိုဦးတည်သွားပါပြီ။
မနာလိုမရှုဆိတ်တဲ့စိတ်ရဲ့ ဆန့်ကျင်ဘက်ကတော့ မုဒိတာတရားပါ။
ကျွန်တော်တို့တွေအနေနဲ့ ရိုးသားဖြောင့်မတ်မှု၊ ကြိုးစားအားထုတ်မှု၊
ဇွဲနပဲကြီးမှု၊ ဥာဏ်အမျော်အမြင်ရှိမှုတို့ရဲ့ အကျိုးဆက်တွေကို
ကံကြမ္မာရဲ့အနှောက်အယှက်ကင်းကင်းနဲ့ သူတပါးတွေ ခံစားနေကြရပြီဆိုရင်
အဲဒါကိုမုဒိတာပွားနိုင်ဖို့လိုပါတယ်။ အဲဒီ့လိုမဟုတ်ပဲ ကိုယ်ကသူ့ကို
မနာလိုမရှု့ဆိတ် ဖြစ်မိပြီဆိုတာနဲ့ အဲဒီ့လူရဲ့
အကျိုးစီးပွားပျက်စီးရာပျက်စီးကြောင်းတွေက ကိုယ့်ခေါင်းထဲကို အလိုလို
ရောက်လာတတ်ပါတယ်။ ကိုယ့်ထက်မြင့်သွားမှာကို စိုးရိမ်တဲ့အတွက်
အပင်တိုင်းကို အညွန့်ချိုးပစ်ချင်နေတဲ့ စိတ်ဓါတ်ဟာ ကမ္ဘာလောကအတွက် အလွန်ပဲ
အန္တရယ်ကြီးပါတယ်။ အဲဒီ့တော့ ကိုယ့်ကိုရော သူတပါး
ကိုပါအန္တရာယ်တွေအမျာကြီးပေးနိုင်တဲ့ မစ္ဆရိယစိတ်(မနာလိုဝန်တိုစိတ်) တွေနဲ့
ဝေးသထက်ဝေးဝေးနေ နိုင်အောင် ကျွန်တော်တို့ကြိုးစားကြရပါလိမ့်မယ်။
ကိုယ့်ထက်တော်တဲ့သူတွေကို မော့ကြည့်ပြီး လက်ခုပ်တီးပေးနိုင်ဖို့နဲ့
ကိုယ့်ထက်နိမ့်ကျတဲ့သူတွေကို ငုံ့ကြည့်ပြီး
လက်ကမ်းဆွဲတင်ပေးနိုင်ဖို့အတွက် မြင့်မြတ်တဲ့စိတ်ထားတွေ
ကျွန်တော်တို့မွေးဖို့လိုလာပြီ။
*The most powerful nine-letter word is ' Knowledge'. Acquire it.*
အက္ခရာကိုးလုံးနဲ့တည်ဆောက်ထားတဲ့ အင်အားအရှိဆုံးစကားလုံးကတော့
`အသိပညာဗဟုသုတ´ ပါ။ အဲဒါကို ကြိုးစားရယူပါ တဲ့။
လူမှာ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ လေ့လာမှတ်သားနိုင်စွမ်းနဲ့
အသိပညာဗဟုသုတတို့သာမရှိရင် အဲဒီ့လူဟာ တိရစ္ဆာန်နဲ့ ခြားတော့မှာမဟုတ်ပါဘူး။
သိခြင်းနဲ့ မသိခြင်းကို သေးငယ်လှတဲ့စက္ကန့်ပိုင်း ကလေးကသာ
ပိုင်းခြားထားတာဖြစ်ပေမယ့် သိသူနဲ့ မသိသူတို့ရဲ့ ကွာခြားမှုကတော့
မနှိုင်းယှဉ်သာအောင် ကိုများပါတယ်။ ဥပမာတစ်ခုအနေနဲ့ ပြရမယ်ဆိုရင်တော့
အလုပ်အင်တာဗျူးတစ်ခုမှာ နောက်ဆုံးဆန်ခါတင် နှစ်ယောက်ပဲကျန်တော့ပါတယ်။
အဲဒီ့အထဲက တစ်ယောက်တည်းကိုသာရွေးမှာပါ။ ဘယ်သူ့ကိုရွေးရမလဲလို့
ဝေခွဲရခက်နေတဲ့အလုပ်ရှင်က သူတို့နှစ်ယောက်ကို နောက်ဆုံးအနေနဲ့
အလုပ်နဲ့ပတ်သက်တဲ့အရေးအကြီးဆုံး
မေးခွန်းတစ်ခုမေးမယ် ဖြေနိုင်တဲ့သူကို အလုပ်ခန့်မယ်လို့ပြောပါတယ်။
ပြီးတော့ သူမေးခွန်းတစ်ခုတည်းကို တစ်ယောက်ခြင်းစီမေးလိုက်ပါတယ်။
တစ်ယောက်က ဖြေနိုင်လို့အလုပ်ရသွားပြီး ၊ တစ်ယောက်က မဖြေနိုင်တဲ့အတွက်
နောက်လှည့်ပြန်ခဲ့ရပါတယ်။ ဒီအဖြစ်အပျက်လေးကိုကြည့်မယ်ဆိုရင် ပိုသိတဲ့သူက
ပိုသာသွားတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမယ့် မသိတဲ့သူကလည်းအလုပ်ရှင်က
အဖြေကိုပြောပြ လိုက်တဲ့အတွက် စက္ကန့်ပိုင်းအတွင်းမှာပဲသိသွားပြီဖြစ်ပါတယ်။
သူ့ရဲ့ မသိခြင်းဟာ တစ်စက္ကန့်အတွင်းမှာပဲ
သိခြင်းအဖြစ်ကိုကူးပြောင်းသွားခဲ့ပေမယ့် အခွင့်အရေးတစ်ခုကိုတော့
သူဆုံးရှုံးခဲ့ရပါပြီ။ ဒီသဘောတရားကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့ဟာ
ငါဘာမှမသိပါလားဆိုပြီး အားငယ်စိတ်ပျက်နေစရာမလိုပေမယ့်
ကိုယ်ရွေးချယ်ထားတဲ့လမ်းကြောင်းနဲ့သက်ဆိုင်တဲ့ အရာအားလုံးကို
တတ်နိုင်သမျှမျက်ခြေမပျက်အောင် အမြဲတမ်း
ကြိုးစားနေရမယ်ဆိုတာကိုတော့နားလည်ရပါတယ်။
*The most essential ten-letter word is ' Confidence'. Build it.*
အက္ခရာဆယ်လုံးနဲ့ဖွဲ့စည်းထားတဲ့ မရှိမဖြစ်အလိုအပ်ဆုံးစကားလုံးကတော့
`ယုံကြည်မှု´ ပါ။ အဲဒါကို တည်ဆောက်ယူပါ တဲ့။
ယုံကြည်မှုဆိုတဲ့နေရာမှာ မိမိကိုယ်ကိုယုံကြည်မှုနဲ့
သူတပါးနဲ့မိမိအကြားအပြန်အလှန်ယုံကြည်မှု ဆိုပြီးနှစ်မျိုးရှိပါတယ်။
ကျွန်တော်တို့အနေနဲ့ အဲဒီ့နှစ်မျိုးစလုံးကို အခိုင်မာဆုံးဖြစ်အောင်
တည်ဆောက်ယူ နိုင်ပါမှ အမြင့်မားဆုံးအောင်မြင်မှုတွေကို လက်ဝယ်ခိုင်ခိုင်
ပိုင်ဆိုင်နိုင်မှာပါ။ အဲဒီ့နှစ်ခုကလည်း တစ်ခုနဲ့တစ်ခု
အများကြီးဆက်စပ်မှုရှိနေပါတယ်။ မိမိကိုယ်မိမိ
ယုံကြည်မှုအပြည်အ၀မရှိတဲ့သူတစ်ယောက် ဟာ သူတပါးတွေရဲ့
ယုံကြည်မှုကိုရနိုင်ဖို့ခဲယဉ်းပါတယ်။ အဲဒီ့လိုပဲ
မိမိရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ သူတွေအားလုံးက
မိမိအပေါ်အယုံအကြည်ကင်းမဲ့လာကြပြီဆိုရင်လည်း မိမိကိုယ်မိမိ
ယုံကြည်ထားမှုတွေဟာ တစတစနဲ့ပျက်ယွင်းလာတတ်ပါတယ်။
ယုံကြည်မှုတစ်ခုချို့ယွင်းပျက်စီးသွားပြီဆိုရင် အရင်အတိုင်းဖြစ်အောင်
ပြန်လည်တည်ဆောက်ယူဖို့ဆိုတာဟာ
တော်ရုံတန်ရုံစိတ်အားသတ္တိမျိုးနဲ့မဖြစ်နိုင်ပါဘူး။ ဘယ်လိုဆက်ဆံရေး
မျိုးမှာပဲဖြစ်ဖြစ် မရှိမဖြစ်အလိုအပ်ဆုံးအရာဟာ ယုံကြည်မှုပါ။
တစ်ဦးကိုတစ်ဦးယုံကြည်မှုနဲနဲလေးမှ မရှိဘူး ဆိုရင်
အရှည်သဖြင့်လက်တွဲရှေ့ဆက်ဖို့ဆိုတာမလွယ်ပါဘူး။ အဲဒီ့တော့
ဘယ်နေရာမှာပဲဖြစ်ဖြစ် အရေးအကြီးဆုံးနဲ့ ပထမဦးဆုံးစလုပ်ရမယ့်အလုပ်က
ပြည့်ဝတဲ့အပြန်အလှန်ယုံကြည်မှုတစ်ခုကို အခိုင်မာဆုံး
တည်ဆောက်ယူဖို့ပဲဖြစ်ပါတယ်။ ပြည့်ဝတဲ့ယုံကြည်မှုတိုင်းဟာ ပြတ်သားတဲ့
နှုတ်ထွက်စကားတွေကိုဖြစ်စေ ပါတယ်။ ဗုဒ္ဓမြတ်စွားဘုရားကို
ဥပမာထားပြီးပြောရမယ်ဆိုရင် ဗုဒ္ဓရဲ့တပည့်သာဝကတိုင်းအားလုံးလိုလိုဟာ
ဘယ်သူကပဲဖြစ်ဖြစ် `သင်တို့ရဲ့ဆရာ ဘယ်သူလဲ´ လို့မေးလာတဲ့အခါတိုင်း ...။
`ဂေါတမဘုရားရှင်သည် ငါတို့၏ဆရာဖြစ်သည်´ လို့ဖြေကြမြဲပါ။ ဒါဟာ
ပြည့်စုံကုံလုံတဲ့ ယုံကြည်ခြင်းတစ်ခုကနေတဆင့် စီးဆင်းလာတဲ့
ရင်ထဲကစကားလုံးတွေပါ။ကျွန်တော်တို့တွေအားလုံး သံသယတွေ၊ ဒွိဟတွေ၊
တွေဝေမှုတွေ စတဲ့ စတဲ့ မရေရာမပြတ်သားတဲ့အရာမှန်သမျှကို
ပြည့်ဝတဲ့ယုံကြည်မှုတွေကို တည်ဆောက်ယူကြရင်း ရှင်းလင်းပစ်ကြရအောင်လေ။
*သူငယ်ချင်း .......  ပို့လိုက်တဲ့ စာကြောင်းလေး ၁၀ကြောင်းကတော့
ဒီမှာပဲပြီးဆုံးသွားပါပြီ။
မူရင်းစာကြောင်းတွေက
ဘယ်သူတွေရေးထားတယ်ဆိုတာမသိရပါဘူး။ ကျွန်တော်အနေနဲ့ အဓိပ္ပါယ်လေးတွေ
ပိုကောင်းသွားအောင်ဆိုတဲ့စိတ်နဲ့ စကားလုံးနှစ်လုံးကိုတော့
ပြောင်းခဲ့ပါတယ်။ ဒီစာကြောင်းလေးတွေကို ဖတ်ဖူး၊ မြင်ဖူး၊
ကြားဖူးကြသူတွေလည်းအများအပြားရှိကြမှာပါ။ အဲဒါကို
ကျွန်တော်ကဘာ့ကြောင့်များ ဒီလောက်တောင် အကျယ်ချဲ့ပြီး
ထပ်ဆွေးနွေးနေရတာလဲလို့မေးလာရင်တော့ ... ကျွန်တော်စကား တစ်ခွန်းတည်းနဲ့ပဲ
အဖြေပေးခဲ့ပါရစေ။*
*``စာကြောင်းတစ်ကြောင်းကို ဖတ်လိုက်ရပြီးတာနဲ့
 သြော် ... ဒါလား ဆိုတဲ့အဆင့်မှာတင်ရပ် 
မထားပဲဆက်တွေးကြဖို့နဲ့ ဖြစ်နိုင်ရင်
လက်တွေ့ကျင့်သုံးကြဖို့ အားလုံးကိုတိုက်တွန်းချင်လို့ပါ ´´။*
သူငယ်ချင်းအားလုံးကို အစဉ်လေးစားခင်မင်စွာဖြင့် 
ညချစ်သူ
Labels:
ကမ္ဘာ့အကောင်းဆုံးအဆိုအမိန့်များ......
0 comments
၁။ လူတစ်ယောက်ဟာအလုပ်ပိုလုပ်လေလေ နောက်ထပ်ပိုလုပ်ချင်လာလေလေဖြစ်တယ်။
The more one works, the more willing one is to work.
၂။ အလုပ်ဟာလူသားများအတွက် စည်ပင်သာယာရေးအတွက်ရေသောက်မြစ်ဖြစ်တယ်။လူ့ဘဝရဲ့အခြေခံဖြစ်သောအလုပ်ကိုရှောင်လွဲလို့မဖြစ်နိုင်ပါ။
Work is the inevitable condition of human life, the true source of human welfere.
၃။ ဘုရားရှင်ဟာငှက်သတ္တဝါတိုင်းကိုအစာပေးတယ်။သို့သော်ငှက်သိုက်အတွင်းသို့် အစာကိုပစ်မသွင်းပေးပါ။
God gives every bird its food, but he does not throw it into the nest.
၎။ အလုပ်လုပ်ခြင်းသည်ရှက်ဖွယ်မဟုတ်။ပျင်းရိထိုင်းမှိုင်းခြင်းသာရှက်ဖွယ်ရာဖြစ်တော့တယ်။
Work is no disgrace, it is idleness which is a disgrace.
၅။ ဘာမှမလုပ်ပဲအားနေခြင်းစာအသိဥာဏ်ကိုသံချေးတက်စေတယ်။
Idleness makes the wit rust.
၆။ ပိုက်ဆံဟာနိဗာန်ပေါ်မှ ကျလာတာမဟုတ်။ကမ္ဘာမြေပေါ်တွင်အလုပ်လုပ်ပြီးမှရယူရတယ်။
Money does not come from heaven.It has to be earned here on earth.
၇။ကိုယ်ကြိုက်တာလုပ်ရလျှင် ပျော်ရွင်မှုကိုရနိုင်တယ်လို့ထင်ကြတယ်။ ကိုယ်လုပ်ရမယ့်အလုပ်ကိုကြိုက်လာမှတကယ့်ပျော်ရွင်မှုကိုရနိုင်တယ်။
Your happiness lies not in doing what you like but in liking what you have to do.
၈။လုပ်စရာတွေအများကြီးရှိသူ။လုပ်ချင်စိတ်လည်းရှိသူမှာအချိန်အများဆုံးရှိတယ်။
Those who have most to do, and are willing to work,will find the most time.
၉။ပျိုရွယ်ချိန်ဟာတစ်စုံတစ်ခုပြုလုပ်ရန်နှင့်တစ်စုံတစ်ဦးဖြစ်လာနိုင်စေရန်အခွင့်ကောင်းဖြစ်တယ်။
Youth is the opportunity to do something and to become somebody.
၁၀။အစားကိုလည်းမြန်မြန်စား၊အလုပ်ကိုလည်းမြန်မြန်လုပ်။
Quick at meat,quick at work.
၁၁။ပစ္စည်းဥစ္စာအသင့်အတင့်ရှိသူတွေကလောက်ကမှာအရေးကြီးဆုံးဟာချစ်ခြင်းမေတ္တာလို့မှတ်ယူကြတယ်။မရှိဆင်းရဲတဲ့လူတွေကတော့ ငွေလို့ပဲသိထားကြတယ်လေ။
Those who have some mean think that the most important thing in the world is love. The poor know that it is money.
၁၂။အောင်မြင်မှုဆိုတာစောင့်ဆိုင်းရမည့်အရာမဟုတ်။ ဆောင်၇ွက်ရမည့်အရာသာဖြစ်တယ်။
Success is not something to wait for; it is something to work for.
၁၃။အခြားလူများလုပ်ရန်ခက်ခဲ့သည့်အလုပ်ကိုလွယ်ကူစွာလုပ်နိုင်ခြင်းမှာ အထူးကျွမ်းကျင်မှုဖြစ်ပြီး မဖြစ်နိုင်သည့်အရာကိုလုပ်နိုင်ခြင်းမှာပါရမှီသာဖြစ်တယ်။
Doing easily what others find difficult is talent; doing what is impossible for talent is genius.
၁၄။ လူသားတို့ဧ။်လုပ်ရပ်များသည် အတွေးအခေါ်များရဲ့အကောင်းဆုံးစကားပြန်များပဲဖြစ်တယ်။
The actions of man are the best interpreters of their thoughts.
၁၅။ အလွန်အလုပ်များသောသူဟာ ဆယ်ခါတစ်ခါ သူ့ရဲ့အယူအဆကိုပြောင်းတတ်တယ်။
A man who is very busy seldom changes his opinions.
၁၆။ ငွေဆိုတာလူတို့ရဲ့ဘ၀ကိုသရုပ်သကန်ဖော်ထုတ်ပေးနေတဲ့အရာတစ်ခုပါ။ ရလိုက် ၊ ဆုံးရှုံးလိုက် ၊လိုအပ်လိုက်၊ မြတ်နိုးလိုက် ၊
အသက်ပေးလိုက်နှင့်ပဲသံသရာလည်နေကြတာပါပဲ၊
Money is what life is all about getting it loosing it needing it loving it and dying for it.
၁၇။ ဥစ္စာရင်လိုဥစ္စာရင်ခဲ။
Command your man and do it yourself.
၁၈။ အရက်သမားရဲ့ပိုက်ဆံအိတ်ကအရက်ပုလင်းဖြစ်တယ်။
A drunkard's purse is bottle.
၁၉။ ပေးရခြင်းထက်ပေးကမ်းခြင်းကသာလွန်ကောင်းမွန်တယ်။
Better give have to give.
အ၇ိုးသားဆုံးအလုပ်သည်..အကြီးမာဆုံးဂုဏ်တစ်မျိုးဖြစ်သည်။ 
သူငယ်ချင်းအားလုံးကို အစဉ်လေးစားခင်မင်စွာဖြင့်
ညချစ်သူ
Labels:
စိတ်နဲ့ ပတ်သက်ပြီး ဆောင်စရာ ရှောင်စရာများ
0 comments
စိတ်နဲ့  ပတ်သက်ပြီး ဆောင်သင့်တာကိုဆောင်ပြီး ရှောင်သင့်တာကိုလည်း ရှောင်ရှားသင့်ပါတယ်။
ဘယ်ကိစ္စ၊ ဘယ်အလုပ်ကိုမဆို အမြင့် ဆုံးကို စမကြည့်နဲ့ ၊ တစ်ကစ တစ်နိုင်လုပ်။
အမြင့်ဆုံးကိုကြည့်ရင် ငါမရောက်နိုင် ၊ ငါမလုပ်နိုင်လို့ ဆိုပြီး နောက်ဆုတ်တတ်တယ်။
 စိတ်ပျတ်တတ်ပါတယ်။
အကြောင်းအထွေထွေမှာ ကောင်းစေ ဆိုးစေ ၊ဆောင်ဖို့ ရှောင်ဖို့  အကြောင်းတွေ ဖန်နေပါတော့ တယ်။
ရှောင်သင့်တာမရှောင်လို့ ဘ၀ကို မှောင်အတိ ကျရောက်စေတတ်ပါတယ်။
 စိတ်နဲ့ ပတ်သက်ပြီး ဆောင်စရာ ရှောင်စရာတွေကတော့ .......................................................
၁။ စိတ်ကောင်းထားရမယ်။
၂။ စိတ်ထား မှန်ရမယ်။
၃။ စိတ် အမြဲ ကြည်လင်နေစေရမယ်။
၎။ စကားကို လိုရင်း ပြောတတ်ရမယ်။
၅။ စာပေကို ချစ်မြတ်နိုးရမယ်။
၆။ စိစစ်ဝေဖန်တတ်ရမယ်။
၇။ စီမံ ဆောင်ရွတ်တတ်ရမယ်။
၈။ စိတ်ရှည်ရှည်ထားတတ်ရမယ်။
၉။ စီမံကိန်းဆွဲ အလုပ်လုပ်ရမယ်။
၁၀။ စုဆောင်းတတ်ရမယ်။
၁၁။ စုပေါင်းလုပ်ခြင်းကို နှစ်သက်ရမယ်။
၁၂။ စုစည်းမှု အမြဲရှိစေရမယ်။
၁၃။ စူးစမ်းလေ့လာမှု ရှိရမယ်။
၁၄။ စေတနာ (လူတိုင်းအပေါ် ) ထားရှိရမယ်။
၁၅။ စေ့စေ့စပ်စပ် သုံးစွဲတတ်ရမယ်။
၁၆။ စွဲစွဲမြဲမြဲ ဇောက်ချပြီး အလုပ်လုပ်ကိုင်ရမယ်။
၁၇။ စောစောအိပ် ၊ စောစောထ အကျင့်လုပ်ရမယ်။
၁၈။ စဉ်းစားပြီးမှ အလုပ်လုပ်ရမယ်။
၁၉။ စားဝတ်နေရေး အတိုင်းအထွာ သိရမယ်။
၂၀။ စည်းကမ်း ရှိရမယ်။
၂၁။ စွန့်စွန့် စားစား လုပ်ကိုင်လိုစိတ်ရှိရမယ်။
၂၃။ စုံစမ်းပြီးမှ အမှားအမှန် ဆုံးဖြတ်ရမယ်။
၂၄။ ဆွေးနွေးစရာ ရှိရင် ဆွေးနွေးရမယ်။
၂၅။ ဆက်ဆံရေး ပြေပြစ်ရမယ်။
၂၆။ ဆုံးဖြတ်ပြီးသား ကိစ္စကို ပြီးအောင်လုပ်ရမည်။
၂၇။ ဆောင်ရွတ်စရာကိစ္စ ဆောင်ရွတ်ပါ။
၂၈။ ဇွဲစိတ် ရှိရမယ်။
၂၉။ ဇစ်မြစ်ကို လေ့လာပြီးမှ လူကိုပေါင်းရမယ်။
၃၀။ ညင်ညင်သာသာ လုပ်ကိုင်ရမယ်။
၃၁။ ငြူစူစောင်းမြောင်းခြင်းကို ရှောင်ရမယ်။
 An ordered state of mind is highly enjoyable.
_စည်းကမ်းရှိတဲ့  စိတ်ဟာ အင်မတန်မှကို ခံစားလို့ ကောင်းတယ်။ 
_ နှစ်သက် ကျေနပ်စရာ ကောင်းတယ်။
_ ဆင်ခြင်တယ်ဆိုတာ..... စိတ်နဲ့  ဆင်ခြင်တာပဲ။
သူငယ်ချင်းအားလုံးကို အစဉ်လေးစားခင်မင်လျှက်
ညချစ်သူ
သုတေသီ ဘုန်းမြင့်သွေး ရဲ့ လောကကြီးကို အနိုင်ယူတာ
စိတ်ထားပါ စာအုပ်မှ ကူးယူဖော်ပြပါသည်။
Labels:
ဒညင်းသီးနှင့် ပဲကြီးလှော် စားသူများ မဖတ်ရ
0 comments
ဒီနေ့ ကျွန်တော့မွေးနေ့ ... မနက်အစောကြီး ချစ်သူနဲ့ ဘုရားသွားခဲ့ပြီ ... ညရောက်ရင် ကျွန်တော့အိမ်မှာ အံ့သြဖွယ် မွေးနေ့လေး ဖြစ်သွားစေရမယ်လို့ ချစ်သူကပြောတယ်... လုံးဝ suprise ဖြစ်စေရမယ့်တဲ့... ဒီသတင်းထူးလေးကို ရင်မှာပိုက်ပြီး... ကျွန်တော်ရဲ့အထည်ဆိုင်လေးကို ရောက်ခဲ့တယ်... ချစ်သူလည်း သူ့အလုပ် ကို သွားပြီ...
ကျွန်တော် ဒီနေ့ အလုပ်လုပ်ရတာ တအားပျော်နေတယ်... ဖောက်သည်တွေနဲ့ စကားဖွဲ့နေလိုက်တာ ... ထမင်းစားချိန်တောင်ကျော်သွားခဲ့တယ်..ထမင်းဆိုင်ကိုရောက်တော့ ညနေ၃နာရီရှိပြီ ဟင်းက ဘာမှ သိပ်မကျန်တော့ဘူး ... ပဲကြီးလှော်သုပ်နဲ့ ဒညင်းသီးချက်... ကျွန်တော်အကြိုက်ဆုံးဟင်း၂ခွက် ... ပြီးတော့ ကျွန်တော် မစားရဲဆုံး ဟင်း၂ခွက် မတတ်နိုင်တော့ပြီ ... ဒါမှ မစားရင် စားစရာမရှိ ခဏနေ ဆိုင်မှာ ပစ္စည်းရောက်လို့ အလုပ်ကလုပ်ရအုံးမယ်.. အားမရှိလို့မဖြစ်... ထမင်း၂ပန်းကန် ကုန်တော့ ကျွန်တော် ဆိုင်ကိုပြန်လာခဲ့တယ်...
ဆိုင်သိမ်းချိန်က ညနေ ၆နာရီခွဲ .. ဆိုင်သိမ်းဖို့ တံခါးပိတ်နေတုန်းမှာ ဗိုက်ထဲက စစ်ဖြစ်လာပြီ ... အထက်ပိုင်းနယ်မြေက အောက်ဘက်ကို ဖိတိုက်နေတယ်... ညနေပိုင်းနေအေးချိန်မို့လား ဆိုင်ရှေ့လမ်းမှာ လူအနည်းငယ် ရှိနေတယ်... တခါးကိုအသံထွက်အောင် ဆောင့်ပိတ်လိုက်တယ်... ဒိန်း ..( ဘူ ....) .. တပြိုင်းတည်းဖြစ်အောင် စည်းချက်ညီညီပဲ ဘယ်သူမှမသိအောင် အီးပေါက်လိုက်တယ်... ပိုင်သကွာ... ဒါပေမယ့် ... နေ့လည်စာ ပဲကြီးလှော်နဲ့ဒညင်းသီးက ပညာပြပြီးရင်းပြပဲ ... အနံ့သက်က လမ်းသွားလမ်းလာ တွေ နှာခေါင်းရှုံ့သွားကြစေတယ်... ဗိုက်ထဲမှာ နောက်တစ်ကြိမ်လေစုနေပြန်ပြီ အပြင်ထွက်ဖို့အားခဲနေတယ်.. လမ်းသွားလမ်းလာတွေကို အားနာလို့ အားခဲပြီးအောင့်ထားလိုက်တယ်.. မျက်နှာကြီးကို နီလို့ ... ကားရပ်နားတဲ့နေရာကို ခြေထောက်လေးစုပြီး လမ်းလျှောက်လာလိုက်တာ... အခြောက်လို့ အထင်ခံရပြီး အစခံလိုက်ရသေး ... ကားတံခါး သော့ကို remove နဲ့နှိပ်လိုက်တယ် "တီ .. တီ .."
တံခါးဖွင့်ပြီး ကားထဲအမြန်ဝင်လိုက်တယ်... " ဘူ ... ." ဟား ... နံစော်နေလိုက်တာ... စက်နိုးပြီး ကားပြတင်း မှန် ချ မယ် အလုပ်မှာ ကားသော့က သော့ပေါက်ထဲ မထည့်ရသေးဘူး ဖုန်းကမြည်လာတယ်... ringtone ကို နားထောင်တာနဲ့သိတယ်.. ချစ်သူစီက ဖုန်း ...
၂ခါမြည်လို့မှ မကိုင်ရင် စိတ်ကောက်နေကြချစ်သူ ကြောင့် ဖုန်းအရင်ကိုင်ဖို့ဆုံးဖြတ်တယ်...
သော့ကိုင်ထားတဲ့လက်နဲ့ ဖုန်းကို အိပ်ထောင်ထဲကနေ လှမ်းအယူမှာ သော့က ထိုင်ခုံအောက်ကိုပြုတ်ကျတယ်... အားပါးပါး သေပြီ ... " ဟဲလို .. အော့ .."
" ဘာ အော့ လည်း ကိုကိုနော်... မွေးနေ့ပွဲ ပျက်ချင်တာလား ..."
"မဟုတ်ပါဘူး အော့ရယ်.. အာ .. မှားပြန်ပြီ ..." လက်တစ်ဖက်နဲ့ နှာခေါင်းကို ပိတ်ထားလိုက်တယ်... " ဂျစ်ရေး ပြော .."
" ကိုကို စကားကောင်းပြောမလို့ ... မပြောချင်လည်း ချပြီ ... တီတီ တီ ..."
" ဟာ .. ချစ်လေး ချစ်လေး ... " ကားထဲမှာ က အီးစော် နံထောင်းနေပြီ ... တံခါး ပြန်ဖွင့်ပြီ အသက်ရှူရတယ်...
အပြင်ရောက်တော့ ဖုန်းပြန်ဆက်လိုက်တယ်.. " ချစ်လေး sorry နော် .. ခုန ကိုကို မပြောချင်လို့မဟုတ်ပါဘူး ... ကိုကို .................. " ဖုန်းသာ ပြန်ဆက်လိုက်တယ်... ခုနကဘာဖြစ်နေတယ်ဆိုတာ ကို ဘယ်လို ဆင်ခြေပေးမလည်း စဉ်းစားဖို့မေ့နေတယ်...
"ထားလိုက်တော့ .. ကိုကို ချစ်လေးပြောမယ်... ကိုကို အခုပြန်လာနေပြီလား ..."
" အင်း .. ပြန်လာနေပြီ .. "
" ကိုကို ချစ်လေးကို ဝင်မကြိုနဲ့တော့ .. ကိုကို့ အိမ်ကို ချစ်လေး သွားနှင့်လိုက်မယ်... ပြင်စရာ ရှိတာ ပြင်ထားမလို့ ... ကိုကို အိမ်ရောက်ရင် ချစ်လေးစီ ဖုန်းဆက် ... ချစ်လေး ထွက်လာခဲ့မယ်.. အိမ်ထဲ မောင်းမဝင်ခဲ့ရဘူးနော်..."
"ဟုတ်ပါပြီဗျာ ဟုတ်ပါပြီ ..."
" အဲဒါဆို ဒါပဲ ... ရင်တွေခုန်မနေနဲ့နော် ... ထူးခြားတဲ့ မွေးနေ့ဖြစ်ဖို့ ချစ်လေးတာဝန်ထား ... ဂရုစိုက်မောင်း... တာ့တာ ... "
ကျွန်တော် ဖုန်းချပြီး ကားတံခါးကို ဖွင့်လိုက်တော့ အနံသက်က မကင်းသေးဘူး ... ထိုင်ခုံအောက် က သော့ကို ယူပြီး ကားစက်နိုး ပြတင်းပေါက် ဖွင့်ပြီးမှ ကားပေါ်တက်နိုင်တော့တယ်...
အိမ်ပြန်တဲ့ တစ်လမ်းလုံးလည်း ... ကားထဲမှာ တဘူဘူ နဲ့ ... ဗိုက်ထဲက တကယ်ကို နေမကောင်းနေတာ ... အားရပါးရ ပေါက်ထားမှ... အိမ်ရောက်လို့ birthday သီးချင်းဆိုနေတုန်း တဘူဘူ ဖြစ်နေရင် ရှက်စရာကြီး ....
ကျွန်တော် ကားကို အရှိန်တင်လိုက်တယ်... ပြီးတော့ အီးကို တဘွတ်ဘွတ် ပေါက်တော့တယ်.. ကားအရှိန်တင်လိုက်တော့ လေတိုးတဲ့အရှိန်ကြောင့် ကျွန်တော် အီးနံ့မရှူမိတော့မှာပါ ...
ကျွန်တော် ကားအရှိန် တင်လိုက်ချိန်မှာ ဆိုင်ကယ်တစ်စီးကို ကပ်ကျော်မိတယ်... အဲဒါကို ကိုယ့်လူက မကျေနပ်ဘူးထင်တယ်.. တတီတီ နဲ့ ဟွန်းတီးပြီး ဆဲဆိုကျော်တတ်တယ်... သူကလည်း မကျေနပ်ချက်နဲ့ ကပ်ကျော်တယ်ဗျာ ... ကားဘေးနားရောက်တော့ ... ထက်လိုက်မလာတော့ဘူး .. နောက်ကြည့်မှန်ကနေ ကြည့်လိုက်တော့ .. ကိုယ့်လူ တအော့အော့ အန်နေတာတွေ့တယ်.. ဟိုက်ရှားပါ ... ကျွန်တော့အီး အဲဒီလောက်တောင် နံသလား ....
ရပ်ကွက် လမ်းထဲ ချိုးဝင်လိုက်တော့ ဗိုက်က နည်းနည်းသက်သာလာပြီ ... အိမ်ရှေ့ရောက်တော့ ချစ်သူစီ ဖုန်းဆက်လိုက်တယ်... ချစ်သူက အိမ်ရှေ့ထွက်လာပြီး လာကြိုတယ်...
"အဲ .. ကိုကို ဒီနေ့ဘာဖြစ်လို့ ကား အဲကွန်မဖွင့်တာလည်း ... ကားမှန်တွေကလည်း လေးခုလုံး တောင် ချထားတယ်..."
" အင်း ဟုတ်တယ်... နေ့တိုင်းအဲကွန်းနဲ့ စီးနေတော့ ကားလေတိုးတဲ့အရသာ မတွေ့ရတာကြာလို့ ဒီနေ့ဖွင့်လာတာ ... ကိုကို ရင်တွေ ပူနေတယ်လေ ... ချစ်လေးရဲ့ suprise ကိုသိချင်နေတာ .. ကားအဲကွန်းလောက်နဲ့ မအေးနိုင်တော့လို့ သဘာဝ လေကို ရှူလာတာ " ... ' သဘာမဝတဲ့ လေတော့ ကားအရှိန်နဲ့ ကျန်ခဲ့ပြီ ..ဟိဟိ ..'
" ကိုကို လာ ဒီအဝတ်နဲ့ မျက်စိ စီးထား ... အိမ်ထဲသွားမယ်..." ထူးထူးဆန်းဆန်းလေး ဖြစ်စေချင်လို့ပါ လို့ ချစ်သူကပြောတယ်...ဒါနဲ့ ကျွန်တော် ဘာမှ မမြင်ဘဲ ချစ်သူလက်လေး တွဲပြီး အိမ်ထဲဝင်ခဲ့တယ်... တံခါဖွင့်ဘုကိုလှည့်တယ်... အိမ်ထဲမှာ ဘာအသံမှ မကြားဘူး .. ရင်ထဲအိကနဲ ဖြစ်သွားတယ်... ဘယ်သူမှ မရှိတဲ့ နှစ်ယောက်တည်း ကမ္ဘာငယ်လေးပေါ့ ဒီညတော့ ပျော်စရာကြီးပဲနေမှာ... အိမ်ထဲလည်း ဝင်လိုက်ရော ... ဗိုက်ကတစ်စခန်းထလာပြန်ပြီ ... ဧည့်ခန်းထဲရောက်တော့ မအောင့်နိုင်တော့ဘူး .. " တီ တီ ဖုန်းလာနေတယ်... တီတီ ဖုန်းလာနေတယ်.. " ကယ်တော်မူမယ့် ဖုန်းပါလား .. ချစ်သူဖုန်းရဲ့ ringtone ကိုကြားလိုက်တော့ ...ကျွန်တော် ပျော်သွားတယ် ...
" ချစ်လေး ကိုယ်ခဏ ဧည့်ခန်းထဲနားအုံးမယ်လေ .. ဖုန်းပြောပြီးရင်ခေါ်နော်.."
" အင်း ဟုတ်ပြီလေ .. အလုပ်ရှင် က ခေါ်တာဆိုတော့ အလုပ်အကြောင်းမေးမလို့နဲ့တူတယ်.. ခဏပြောပြီးရင် ချစ်လေး ပြန်ဝင်လာခဲ့မယ်..မျက်လုံးစီးထားတာ လုံးဝ မဖြုတ်ရဘူးနော်.. ဖြုတ်ရင် သေခန်းပြတ်ပဲ ..." ဧည့်ခန်းတံခါးဖွင့်ပြီး ချစ်သူထွက်သွားတယ်... တံခါး ဂျက်ကို ကမန်းကတန်း ချပြီး ......................... " ဘူ ........" ဟိုက်ရှားပါး ... ပေါ့သွားတာပဲ ... .. ဟင် .. နံလိုက်တာ .. အနံ့ကလည်း ခုထိ မပျောက်သေးပါလား .. ဒညင်းသီးပုပ်နံ့လိုလိုပဲ ... ဘယ်လိုလုပ်မလဲ .. စာကြည့်စားပွဲပေါ်မှာ လိုက်စမ်းတယ်... ဂျာနယ်လား သတင်းစာလားမသိ စမ်းမိတယ်.. အားရပါးရ ယပ်ခပ်တော့တယ် ... ချစ်သူဖုန်းပြောနေတဲ့အသံကိုလည်း ဂရုစိုက်လိုက်သေးတယ်.. ပြောလို့မပြီးသေး .. အနံ့ကတော့ သက်သာသွားပြီ...
ဟား.. .. လာပြန်ပြီး ... ဗိုက်ထဲကနေ တလိတ်လိတ်နဲ့ တက်လာလိုက်တာ... မဟုတ်ဘူးမှားသွားတယ်.. ဆင်းသွားလိုက်တာပြောရမှာ တက်လာလိုက်တာဆိုရင်.. ပါးစပ်ကနေပဲ အီးပေါက်ရမလိုဖြစ်နေပြီ ... အေး .. တလိတ်လိတ်နဲ့ ဆင်းသွားလိုက်တာ.... ဖင်နားလေးလည်းရောက်တော့ ... " ဘွတ် .. " ... အားလားလား ... နေရလည်းခက် နံကလည်းနံ ... မထူးပါဘူးကွာ.. .. ကျွန်တော်ဝတ်ထားတဲ့ စတိုင်လ် ပန် ဘောင်းဘီ ရှည် ကြီးကို လုံးဝ ချွတ်လိုက်ပြီး... အီးပေါက် ပါတော့တယ်.. လွတ်လွတ်လပ်လပ် ပေါက်နေရတော့ ဖင်နေလို့ကောင်းပေမယ့် နှာခေါင်းက နေလို့မကောင်းဘူးဗျ ... အဲဒါနဲ့ လက်ကလည်း အငြိမ်မနေရဘူး ... ယပ်ခပ်လိုက် ပေါက်လိုက်နဲ့ ...လက်ညောင်းလာတော့ ကျွန်တော် စမ်းတန်းစမ်းတန်း နဲ့ သွားလိုက်တာ ... ဝရံတာ တံခါးနား ရောက်လာတယ်... ဟဲဟဲ .. ည ၇ နာရီလောက်ဆို ဘယ်သူမှ မမြင်လောက်ပါဘူး လေ ... တံခါးကို ဖွင့် ဖင်ကို ပင့်လို့ သဘာဝလေတိုက်တဲ့ အပြင်ဘက်ကို ဖင်ထုတ် အီးပေါက် ပါတော့တယ်... လေးငါး ဆယ် ချက်လောက် ပေါက်ပြီးတော့ ဗိုက်ထဲတော်တော်လေးကို သက်သာသွားပြီ ... တံခါးကိုပိတ် ပြီး ... ဧည့်ခန်းတံခါးနားကို ပြန်လာခဲ့တယ်... ဂျက်ချထားတာ ပြန်ဖွင့်ထားလိုက်တယ် ... အပြင်မှာဖုန်းပြောနေတဲ့ ချစ်သူ " ဟုတ်ကဲ့ရှင့် ကောင်းသောညချမ်းပါ " ပြောနေတာ ကြားနေရပြီ .. ဖုန်းပြောလို့ ပြီးတော့မယ်.. အသက် ကို တစ်ချက် ရှိုက်ရှူ ကြည့်တယ်.. အနံ့ပျောက်သွားပြီ ..ဘောင်းဘီ သေသေသပ်သပ်ပြင်ဝတ်လိုက်တယ် ဟဲဟဲ. . တော်ပါသေးရဲ့ ... ချစ်သူရှေ့ မွေးနေ့မှာ အရှက်ကွဲတော့မလို့ ....
တံခါးဖွင့်သံကြားရတယ်.. ချစ်သူဝင်လာပြီထင်တယ်.. "ကိုကို ... ခိုးကြည့်သေးလား ... "
"မကြည့်ပါဘူးချစ်လေးရယ်... " အားရဝမ်းသာတဲ့အပြုံးနဲ့ ချစ်သူကို ကြိုနေတယ်.. ပြုံးနိုင်ပြီပေါ့လေ... ဗိုက်က လုံးဝ သက်သာသွားပြီပဲ... ချစ်သူက သူဒီလောက်ဖုန်းအကြာကြီးပြောလိုက်လို့ တောင်းပန်တယ်... တကယ် ခိုးမကြည့်ဘူးနော်လို့ ထပ်ခါထပ်ခါ မေးပြန်တယ်.... ပြီးတော့ ကျွန်တော့ မျက်စိ စီးထားတဲ့ အဝတ်ကို ဖြေးဖြေးလေး ဖြုတ်ပေးတယ်... " အံသြသွားစေရမယ် အနောက်ကို လှည့်ကြည့်လိုက်.... "
ကျွန်တော် လှည့်အကြည့်မှာ ....................................
" အံ့သြသွားပြီလား ... ကိုကို မိတ်ဆက်ပေးထားလို့ပြောတဲ့ ချစ်လေးရဲ့သူငယ်ချင်းတွေလေ... သူတို့ကလည်း ကို့ကို့ကို တွေ့ချင်နေတာ ဓါတ်ပုံထဲမှာ အရမ်းချော အရမ်းကျက်သားရေ ရှိတယ်တဲ့ အဲဒါနဲ့ ကိုကို နဲ့ မိတ်ဆက်ပေးဖို့ မွေးနေ့ပွဲမှာ ခေါ်လာခဲ့တာ ... ဟိုမှာ စားပွဲရှေ့မှာ ထိုင်နေတဲ့ ၃ ယောက်က ချစ်လေးနဲ့ ဌာနတစ်ခုထဲက ဟိုဘက် ဆိုဖာခုံပေါ်မှာ ထိုင်နေတဲ့ ၂ယောက်က ချစ်လေး အချစ်ဆုံး ငယ်သူငယ်ချင်း၂ ယောက်လေ ..."
ဘယ်ထွက်ပြေးလို့ ထွက်ပြေးရမှန်းမသိ ဘယ်ပုန်းလို့ ပုန်းရမှန်းမသိ ဝရံတာကနေပဲ ခုန်းချရမလား ဝရံတာကို လှမ်းအကြည့် ... ချစ်လေးက ဝရံတာ တံခါး ဖွင့်တာတွေ့လိုက်တယ် ... " ဒီမှာ ကိုကို ပိုပြီး အံ့သြသွားအောင် ချစ်လေးရဲ့မေမေ ဖေဖေ နဲ့ ကိုကြီးရယ် ညီမလေး ရယ် ... "
ငယ်ထိပ် တည့်တည့် မိုးကြိုးပစ်တာက ပိုနေလို့ ကောင်းမယ်ထင်တယ်.. . ကျွန်တော့ ခေါင်းတစ်ခုလုံး ပူထူနေတာပဲ ... ဧည့်ခန်းထဲက မိန်းကလေး ၅ယောက် ချစ်လေးရဲ့ မိသားစု ၄ ယောက် သူတို့ တွေ ကျွန်တော့ ရဲ့ suprise ဖြစ်စရာ ထူးထူးခြားခြား မွေးနေ့ပွဲလေးကို ... လူတိုင်းရဲ့ မျက်နှာမှာ ထူထူခြားခြား အပြုံးနုနုလေးတွေနဲ့ ... အဘယ်သို့သော ဘာသာစကားနဲ့ အဓိပ္ပါယ် ဖွင့်ရမည် မသိသော အကြည့်တွေနဲ့ ... ကျွန်တော့ကိုကြည့်နေကြတယ်... စကြာဝဠာ မှာ မပါတဲ့ ဂြိုလ်ကြီး တစ်ခုက လာတဲ့ ဂြိုလ်သား ကို ရှာဖွေတွေ့ရှိတဲ့ အကြည့်မျိုးနဲ့ ပေါ့ ... . .. .. ...
ကျွန်တော် အဲဒီနေ့က စပြီး ... ဒညင်းသီးမစားတော့ပါ ... ပဲကြီးလှော် မဝါးတော့ပါ ... ချစ်သူကတော့ မိဘသဘောမတူလို့ဆိုပြီး .. .. ဝမ်းမနည်းပဲ(ကျွန်တော့အဲဒီနေ့ကအဖြစ်အပျက်ကိုသိသွားလို့နေမယ်) နောက်တစ်ယောက်နဲ့ စေ့စပ်သွားပါတယ် ###### ဘူ @@@@@ ဘွတ် %%%%% ဘူ
မပြီးသေးပါဘူး ... စာရေးဆရာ အင်တာဗျူးချင်တဲ့သူလေးတွေကို အင်တာဗျူးအုံးမလိုပါ ...
စားပွဲရှေ့မှာ ထိုင်နေတဲ့ အမတို့က သူ အီးပေါက်တုန်း လန့်မသွားဘူးလား ...
" အီးပေါက်တုန်းက မလန့်ပါဘူး ဘောင်းဘီချွတ်မှ လန့်သွားတာ ... "
" အီးစပေါက်တုန်းက နံလိုက်တာ ... ရေမွေးဖျန်းထားတဲ့ လက်ကိုင်ပဝါ မပါရင် ကျွန်မ အန်မိမှာ အမှန်ပဲ ..."
"အီးပေါက်ကလည်း ကြမ်းလိုက်တာ အီးကလည်းနံ ... သူယပ်ခပ်ဖို့ လိုက်ရှာနေတာတွေ့လို့ ဂျာနယ်ကို လက်ထဲ ထိုးထည့်ပေးလိုက်ရသေးတယ်... ယပ်ခပ်လို့ ပြီးတော့ ရပ်မယ်မှတ်နေတာ ဘောင်းဘီတောင်ချွတ်ပြီးပေါက်လိုက်သေးတယ် .. အော့ .. တွေးရင်းနဲ့တောင် အန်ချင်လာပြီ"
ဆိုဖာပေါ်မှာ ထိုင်နေတဲ့ အမ ၂ ယောက် ကော လန့်မသွားဘူးလား .. ဘောင်ဘီ ချွတ်တုန်းက အမတို့ ဘက် လှည့်ချွတ်တာလေ ...
" အမလေး .. မပြောချင်တော့ပါဘူး .. ရှက်လိုက်တာ... အီးပေါက်ကတည်းက သူ့ရုပ်ကို မကြည့်ချင်တော့တာ .. သူက ဘောင်ဘီ များတောင် ချွတ်ပြလိုက်သေး ... "
" ဟုတ်တယ် ကျွန်မ လည်း ရှက်လိုက်တာ သူ ခါးပတ် ဖြုတ်ကတည်းက ဘာလုပ်တော့မယ် သိလို့ မျက်စိ မှိတ်ထားလိုက်ပြီ .. ဘေးမှာ ထိုင်တဲ့ သူ့ကိုတောင် လက်နဲ့ မျက်စိ လိုက်အုပ်ပေးသေးတယ်... သူက ဆွဲဆွဲချနေလို့ မအုပ်တော့ပဲ ကြည့်ခိုင်းထားလိုက်တော့တယ်... တကယ်လည်း ချွတ်တော့ .. သူ့ကို ပါးစပ် အုပ်ထားလိုက်တော့တယ်..." (မျက်စိက သူ့ဟာသူ့ မှိတ်ပါ့မလား O(∩_∩)O~ )
ဝရံတာက ဦးဦးနဲ့ ဒေါ်ဒေါ် တို့ ဝရံတာတံခါးဖွင့်လာတော့ဘယ်လိုဖြစ်သွားလည်း
" အေးကွာ ဦးကတော့ ပြောင်ပြောင် ပြောင်ပြောင် နဲ့ ဘာကြီး ထွက်လာလည်းပေါ့ ပြီးတော့ ၂ခုတောင်၊ ဘာကြီးမှန်းလည်းသိရော ပြောင်ပြောင် ၂ခု ကြားကနေ 'ဘူ' ကနဲ အသံ ထွက်လာတာပဲ "
" ယောက်ျားကလည်း ဘူ မဟုတ်ပါဘူး .. ဘွတ် လို့ ထွက်တာပါ .. မိန်းမ သေသေချာချာ ကြည့်လို့ သိလိုက်တယ်.."
" နင်က မျက်မှန်မေ့ခဲ့လို့ အဝေးမှ မမြင်တာ ဘယ်လို သေချာကြည့်လဲ ပြီးတော့ သေချာကြည့်တာနဲ့ အသံကြားတာနဲ့ ဘာဆိုင်လို့လဲ"
" ယောက်ျားကလည်း အဝေးမမြင်ရလို့ ဖြူဖြူကြီးထွက်လာတော့ ဘာကြီးလည်း ဆိုတာ အနီးကပ် သွားကြည့်လိုက်တာလေ .. နှာခေါင်း က ဖြူဖြူ ၂ ခု ကြား နား ရောက်တော့ ဘွတ် ဆို ပြီး အသံ ထွက်လာတာ ... "
အဲဗျာ .. ဒေါ်ဒေါ် အဲလိုကြီး ရှူမိတာ မနံဘူးလား ...
" အဲဒီနေ့က အအေးမိပြီ နှာခေါင်းပိတ်နေတယ်လေ .. ဘွတ်လို့ကြားမှ ယောက်ျားက နောက်ကလှန်းဆွဲပြီး တိုးတိုးပြောလို့ သိရတာ .. အဲဒါ ဖင်ကြီး အီးပေါက်နေတယ်လို့ .... "
ဒီက ညီလေးနဲ့ ညီမလေး ရော် ဘာတွေ ပြောအုံးမလည်း
" သမီးက သောက်မြင်ကပ်လို့ သားရေကွင်းနဲ့ ပစ်မလို့ ... ကိုကို ကြီး ဆွဲထားလို့ ... မဟုတ်ရင်လား .. ဟင်း ... ."
ဒီမှာပဲ ပြီးတော့ပါမယ်... ဒါနဲ့ ခဏနော် တစ်ယောက် ဗျူးဖို့ ကျန်နေသေးတယ်.. ခုန လမ်းမ ပေါ် ထွက်ရှာတာလည်း မတွေ့မိဘူး .... ဆိုင်ကယ်သမားကိုပြောတာ ... ဆေးရုံရောက်နေတယ် သတင်းရလို့ ဆေးရုံကို ပဲ ဖုန်းဆက် ပြီး ဗျူးလိုက်ပါတယ်..
" ကျွန်တော် ဗျာ ... ကံဆိုးပါတယ်... ထွက်ခါ စ အီးကို မှ သွားရှူမိတာကိုးဗျ ... ... နံလိုက်တာ အန်လိုက်တာ ... ရှော့ခ် ဝင်သွားတဲ့အထိပါပဲ ... ကျွန်တော် အခု ပုလင်း ချိတ်နေရတယ်... အားမရှိဘူး စကားမပြောနိုင်တော့လို့ ဒါပဲဗျာ .. တူ . တူ . တူ .. "
အီးမင်းသားကိုရော ဗျူးကြအုံးမလား ...
" လား မဗျူး နဲ့ .. သွား .... "
"ဒီတစ်သက် ဒညင်းသီးလည်း မစားတော့ဘူး ... ပဲကြီးလှော် လဲ မဝါးတော့ဘူး..."
*အားလုံးပျော်ရွင် ကြည့်နူးကြပါစေ
by ဟိုကောင်လေး...
Labels:
ပုလင်းတစ်လုံးကို ဖြန့်ကျက်တွေးမိသော အတွေးစလေးများ
0 comments
သူငယ်ချင်းအားလုံးပဲ မဂ်လာပါဗျာ ။ကျွန်တော်လည်းစာမရေးရတာကြာပြီဆိုတော့ ဒီနေ့ တော့ နေလည်က အားတုန်း အခွေကြည့်မိတာလေးကို ဖြန့် ကျက်တွေးမိတာလေးတွေ ရေးချင်လာလို့  ရေးလိုက်ပါတယ် ။
သူငယ်ချင်းအားလုံးပဲ အားပေးကြပါဦးခင်ဗျာ ။
နေလည်က ကြည့်မိတဲ့ဇာတ်ကားလေးကို သူငယ်ချင်းတို့ လည်း ကြည့်ဖူးကြလိမ့်မယ်ထင်ပါတယ် ။
ဇာတ်ကားလေးနာမည်က The Gods Must Be Crazy 1 ဆိုတဲ့ကားလေးပါ အဲ့မှာပါတဲဇာတ်ဆောင်ကတော့
အများသိတဲ့ အာဖရိကသားကြီးပေါ့ ။အဲ့ဇာတ်ကားမှာ အာဖရိက က လူမျိုးစုတွေ နဲ့ တိုးတက်နေတဲ့ ကမ္ဘာ
က လူတွေအကြောင်းကို ယှဉ်တွဲဖော်ပြထားတာကို တွေ့ မြင်နိုင်မှာပါ ။
ကျွန်တော်တွေးဖြစ်တဲ့အကြောင်းကတော့ အာဖရိကကို ရောက်လာတဲ့ ပုလင်းတစ်ခု စတင်တယ် ပြောရ
မှာပဲဗျ ။အာဖရိကအပေါ်ဖြတ်သန်းသွားလာနေတဲ့ လေယာဉ်ကနေ ပစ်ချလိုက်တဲ့ ပုလင်းတစ်ခုက  Crazy
မင်းသားကြီး  အနားကျလာတာကနေ ဒီအတွေးလေးကို စတင်စဉ်းစားမိတာပါ ။မိုးပေါ်ကနေ ကျလာတဲ့ 
ပုလင်းလေးက  အာဖရိက က လူသားမျိုးနွယ်တွေအတွက်  အကောင်းတွေသယ်ဆောင်လာတာလား ?
အဆိုးတွေကိုပဲသယ်ဆောင်လာသလား ?  ဘယ်လိုကောအသုံးဝင်တာလဲ ? အာဖရိက မျိုးနွယ်ကလူတွေ
အမျိုးမျိုးစမ်းသပ်နေကြပေမဲ့ ဘာအတွက်သုံးမှန်းမသိခဲ့ကြဘူး။ပုလင်းလေးနဲ့ ဂီတသမားကသံဇဉ်ရှာကြည့်
တယ် ဒါလည်း အသံထွက်လာတာပဲ ၊ မိန်းမတွေက အခြားအိမ်သုံးအဆောင်တွေ အတွက် အသုံးပြုကြည့်
ကြတယ်  ဒါလည်း အသုံးဝင်နေသေးတာပဲ ။နောက်ဆုံးတော့ အသုံးဝင်တာတွေများလာလို့  အားလုံးက 
ပုလင်းတစ်လုံးကို ၀ိုင်းလုလုပ်နေတဲ့အဆုံးမှာ  ရန်ဖြစ်စကားများလာကြပြီး အချင်းချင်းရန်ဆောင်လာတာကို 
မဖြေရှင်းနိုင်မှာဆိုးပြီး ပုလင်းလေးကို မူလလားရာနေရာဆီ လူမျိုးစု အကြီးအကဲကကျွန်တော်တို့ ဇာတ်လိုက်
ကျော်ကြီးကို  ပြန်ပို့ ခိုင်းလိုက်တယ် ။
ဇာတ်လမ်းကတော့ အရှည်ကြီးပေါ့နော် အခြားအခြားသော အကြောင်းအရာတွေလည်း ပါသေးတယ် ။
တိုးတက်နေတဲ့  ကမ္ဘာက လူတွေက ခေတ်မှီစက်ကရိယာတွေ အသုံးပြုနေပုံတွေ အဲ့အချိုရေ ပုလင်းလေး
ပုံမျိုး အခြားအရာဝတ္ထုအမျိုးမျိုးကို ခေတ်မှီဆန်းပြားစွာ ထုက်လုပ်အသုံးပြုနေပုံ အကြောင်းအရာ အစုံအလင်
ပေါ့ ဗျာ ။
အဲ့နေရာမှာ ကျွန်တော်တွေးမိတာက ပုလင်းလေးအကြောင်းပါ ။ရေမြေတောတောင်ခတ်ခဲကြမ်းတမ်းပြီး
သွားလာရခတ်ခဲတဲ့ အာဖရိက က လူမျိုးစု မျိုးနွယ်များဟာ စာသင်ဖို့ ဆိုတာ ဝေးလို့  ဘ၀ကို ခတ်ခဲကြမ်း
တမ်းစွာ  ဖြတ်သန်းရပုံကိုလည်း ဂရုဏာသတ်စွာ တွေ့ မြင်ခံစားရပါတယ် ။ထိုအတူ စာမတတ်လို့  ဘာမ
ဟုတ်တဲ့  ပုလင်းလေးတစ်ခုကို ပြဿနာတစ်ခုအဖြစ်ထင်ပြီးအမျိုးမျိုးလိုက်တွေးနေကြတာလို့  ထင်ပါတယ် ။
ဒီအာဖရိက မျိုးနွယ်စုတွေလိုပဲ ကျွန်တော်တို့ တွေလည်း ကိုယ်မတတ်ထားတဲ့ကိစ္စတွေကို ပြဿနာတစ်ခုလို 
လိုက်လံဖြေရှင်းနေကြရတယ် ။ တတ်သိတဲ့ လူတွေကတော့ အသေးအမွှားကိစ္စအဖြစ် ထားလိုက်ကြတယ် ။
ဒါကြောင့်  ကျွန်တော်တို့ ဘ၀မှာ ကိုယ်သင်ယူနိုင်သမျှပညာတွေကို အပက်တကုတ် ရှာဖွေသင်ယူနိုင်
ကြမယ်ဆိုရင် ပြဿနာတွေအဖြစ် မသတ်မှတ်တော့ပဲ အမှုမဲ့ အမှတ်မဲ့ကိစ္စတစ်ခုအဖြစ် သာ တွေးနိုင်ကြ
လိမ့်မယ်လို့  ထင်ပါတယ် ။
ကျွန်တော်တို့ ဘ၀မှာလည်း မသိခြင်းတွေကို လိုက်လံရှာဖွေခြင်း ၊  စူးစမ်းလေ့လာရင်း ၊ နဲ့ သာ
အချိန်တွေက ကုန်မှန်းမသိကုန်လာခဲ့ကြတယ် ။ ဘ၀ဆိုတာ လမ်းမရှည်ကြီးတစ်ခုနဲ့ တူတယ်။ 
အဲဒီလမ်းက မသိခြင်း၊ အံ့သြခြင်းတွေနဲ့ ပြည့်နှက်နေတယ်။ ဘ၀ဆိုတာ ပုဒ်စာတစ်ပုဒ်လိုပဲ  ရွေးချယ်
တာနောက်လိုက်ပြီး ကြုံတွေ့တာတွေ ကွာခြားသွားတယ်။ ဘ၀ဆိုတာ ၀င်္ကဘာတစ်ခုနဲ့တူတယ်။
ထွက်လမ်းတွေကို မပြတ်ရှာရင်း ကိုယ်နဲ့သင့်တော်မယ့်လမ်း တစ်ခုကို ရှာကြရတယ်။
ပြဿနာဆိုတာ ကိစ္စရပ်တွေက သယ်ဆောင်လာခဲ့တာ မဟုတ်ဘူး။ ပြဿနာ ကိစ္စရပ်တွေအပေါ် ကိုယ်မြင်တဲ့အမြင်ကနေ ဖြစ်လာတာဖြစ်တယ်။တစ်ခြားရှုထောင့်ကနေ ကိုယ့်ကိုမြင်အောင်ကြည့်ရင်
ဘဝကိုသက်တောင့်သက်သာ ရင်ဆိုင်နိုင်မယ်၊ ဘဝကို သတ္တိရှိရှိ ရင်ဆိုင်နိုင်မယ်၊ အောင်နိုင်မယ့်
သင်ခန်းစာမျိုး၊ အောင်မြင်မှုမျိုးကို ရှာတွေ့နိုင်မှာဖြစ်တယ်။ လူ့ဘဝရဲ့ ရင့်ကျက်မှုကို တွေ့နိုင်မှာဖြစ်တယ်။
သူငယ်ချင်းအားလုံးအစဉ်ကျန်းမာရွှင်လန်းပါစေလို့  ဆန္ဒပြုရင်း
ညချစ်သူ
Labels:
သင်၏ အိပ်စက်မှုစနစ်ကို ဖျက်ဆီးနေသော အိပ်ရာဝင်ချိန် အလေ့အထများ
0 comments
လူတိုင်းဟာ ကိုယ့်အိပ်စက်မှုပုံစံကို အလေးထားသင့်ပါတယ်။  အိပ်ရေးဝဝ အိပ်စက် အနားယူပေးမှသာ နောက်တစ်နေ့မှာ လန်းဆန်းမှုအပြည့်၊ အားအင်အပြည့်နဲ့ ကျန်းကျန်းမာမာ အလုပ် လုပ်နိုင်မှာ ဖြစ်ပါတယ်။
အိပ်ရာထဲသို့ စာအုပ်များ ယူသွားခြင်း
အိပ်ရာမဝင်ခင် စာဖတ်တာက လူအများစုအတွက် အလေ့အထ တစ်ရပ်လို ဖြစ်နေပါတယ်။ ပြဿနာကတော့ ဒီအလေ့အထကို ခန္ဓာကိုယ်က စွဲမြဲနေပြီး အခန်းနှစ်ခန်းလောက်မှ ဖတ်လို့မပြီးရင် အိပ်လို့ မပျော်တာမျိုး ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အိပ်ရာထဲကို စာအုပ်တွေ အများကြီး သယ်မပြီး ဖတ်တာမျိုး မလုပ်သင့်ပါဘူး။ အိပ်ရာဟာ အိပ်စက်ဖို့ပဲ ကန့်သတ်ထားသင့်ပါတယ်။
Facebook အသုံးပြုလွန်းခြင်း
ကွန်ပျူတာစကရင်ရဲ့ အလင်းရောင်ဟာ သင့်ဦးနှောက်ကို နိုးကြားအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကွန်ပျူတာထဲမှာ သင်လုပ်ရမယ့် အလုပ်တွေကို ရေးမှတ်နေရင်လည်း စိုးရိမ်ပူပန်မှုတွေဖြစ်ပြီး စိတ်အေးလက်အေး အိပ်ပျော်နိုင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် ညဥ့်နက်တဲ့အထိ ကွန်ပျူတာသုံးတာကို ရှောင်ပါ။ ကွန်ပျူတာကို ပိတ်ပြီး ခန္ဓာကိုယ် အကြောပြေလျော့အောင် အချိန်ပေးကာ နားပါ။
သက်သောင့်သက်သာရှိသော အိပ်ရာမရှိခြင်း
မွေ့ရာကောင်းကောင်းရှိရင် သင့်ကိုပိုပြီး အိပ်မောကျစေတာ မှန်ပါတယ်။ သင်က ပက်လက်လှန် အိပ်တတ်သူဆိုရင် ပျော့ပျောင်းတဲ့ ခေါင်းအုံးကို ရွေးချယ်သင့်ပြီး ဘေးတစောင်း အိပ်တတ်သူဖြစ်ရင်တော့ ခပ်တင်းတင်းရှိတဲ့ ခေါင်းအုံးမျိုးကို ရွေးသင့်ပါတယ်။
နိုးစက်နာရီက တောက်ပသော အရောင်ထွန်းထားခြင်း
အိပ်နေတဲ့အချိန်မှာ နှိုးစက်နာရီရဲ့ တောက်ပတဲ့ အရောင်ဟာ လန့်နိုးစေနိုင်ပါတယ်။ အိပ်ခန်းက မှောင်နေလေလေ အိပ်မောကျဖို့ ပိုကောင်းလေလေပါ။ အခန်းထဲက တောက်ပတဲ့ နှိုးစက်အလင်းကို စာအုပ်တစ်အုပ်နဲ့ ကာကွယ်ထားပါ။
အိပ်ပျော်ရန် ဂဏန်းများ ရေတွက်နေခြင်း
အိပ်မပျော်နိုင်ဘူးဆိုရင် အိပ်ရာထဲမှာ နေနေတာက ပိုပြီး အချိန်ကုန်စေပါတယ်။ အိပ်ပျော်ဖို့ရာအတွက် မိနစ် ၃၀ ထက်ပိုပြီး အချိန်ပေးနေရရင် အိပ်ရာထဲကထပြီး စာဖတ်တာ၊ သီချင်းနားဆင်တာ စတဲ့ တစ်ခုခုကို လုပ်ဆောင်လိုက်ပါ။ ကိန်းဂဏန်းတွေကို ရေတွက်နေတာမျိုးက ဦးနှောက်စွမ်းအားကို လှုံ့ဆော်ပေးပြီး စိတ်လန်းဆန်း စေနိုင်တာကြောင့် မလုပ်သင့်ပါ။
ညဘက်တွင် လေ့ကျင့်ခန်းလုပ်ခြင်း
နေ့ခင်းအချိန် လေ့ကျင့်ခန်း လုပ်ပေးရင် တစ်နေ့လုံးလိုလို လန်းဆန်းနေစေပါတယ်။ ဒါကြောင့် ညဘက်တွေမှာ အိပ်မပျော်တာမျိုး မဖြစ်စေဖို့ အိပ်ရာမဝင်ခင် အချိန်သုံးနာရီအတွင်း လေ့ကျင့်ခန်း မလုပ်သင့်ပါဘူး။ ညဘက်မှာ အပြင်းအထန် လေ့ကျင့်ခန်း လုပ်တာကြောင့် ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေပြီး စွမ်းအင်အဆင့် တိုးတက်ကာ အိပ်ပျော်မယ့် အဆင့်ကို အဟန့်အတား ဖြစ်စေပါတယ်။
ကြယ်စင်
Ref: Good Health 29 May, 2012 - 11:19
Source: http://www.yatanarpon.com.mm/news/review-58652
by Health Articles